Unicode
ပါးနှစ်ဖက်၌ ပါးကွက်ကလေးနှစ်ကွက်မှာ ပုံမှန်ထက်ကြီးစွာ ပါးအပြည့်ဖြစ်နေသည်က အင်မတန်ချစ်စရာကောင်းလှသည်။သွားပေါက်စအရွယ်ကလေးဖြစ်၍ ယုန်သွားလေးသဖွယ် ရှေ့သွားလေးနှစ်ချောင်းသာ ပေါက်သေးသည်။ထိုရှေ့သွားလေးနှစ်ချောင်း ပေါ်လွင်သည်အထိပြုံးရယ်နေသော ကလေးမလေးသည် အပြစ်ကင်းစင်လွန်းသည်။ကျွန်တော်သည် ထိုကလေးငယ်အား ကြည့်၍ ဓါတ်ပုံလေး၏ နောက်ကျောဘက်ကို လှန်ကြည့်လိုက်သဖြင့် ဒိတ်ကလေးတစ်ခုကို တွေ့လိုက်ရသောအခါ ထိုပုံလေးသည် မြတ်၏၇လသားအရွယ်လေးတုန်းက ရိုက်ထားခဲ့သော ဓါတ်ပုံကလေးဖြစ်ကြောင်း သတိပြုလိုက်မိသည်။
အချိန်တွေသည် ဘယ်လိုကုန်လို့ကုန်သွားခဲ့မှန်းမသိတော့သည့်အခိုက်သည် ကျွန်တော့်အား ကြည်နူးမှုတစ်လှည့်ဖြင့် ဝမ်းနည်းမှုများကို အဆမတန်ဝင်ရောက်လာစေသည်။
သားသမီးသဖွယ်၊တူမလေးသဖွယ် မိမိစောင့်ရှောက်ခဲ့ရသော သည်ကလေးမှာ အခုတော့ အချိန်တွေကျော်လွန်ပြီး လူလားမြောက်တော့မည့်အခိုက်အတန့်ကို တွေးရင်း ကြည်နူးသော ကြည်နူးမှုက တစ်မျိုး၊မိမိ၏အုပ်ထိန်းမှုအောက်ကလွှတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်တော့မည့်အဖြစ်ကို တွေးကာ ဝမ်းနည်းမိသော ဝမ်နည်းမှုကတစ်မျိုးဖြင့် ကျွန်တော်သည် သည်အခြေအနေ၌ ဘာမှမတတ်နိုင်တော့၍ သက်ပြင်းချဖို့သာ ရှိတော့သည်။
သို့သော် တစ်နေ့တော့ ကြုံလာရမည်ဟု တွေးထားမိသောကြောင့် သည်အချိန်မှတော့ သံယောဇဥ်လည်း မထားချင်တော့။အတ္တလည်း မကြီးချင်တော့ပါ။သည်လိုကိစ္စမျိုးသည် အတ္တထားဖို့ရန်လည်း မသင့်ပါ။ထို့ကြောင့် ကိစ္စများ၏ အဆုံးသတ်က ခွင့်လွှတ်ခြင်းတရားသာရှိသည်။
ဓါတ်ပုံအယ်လ်ဘမ်လေးအား အံဆွဲထဲသို့ ပြန်ထည့်လိုက်၏။ထိုအခိုက်တွင် ထောင့်နားကပ်နေသော စာအိတ်လေးတစ်ခုကို တွေ့လိုက်သောကြောင့် ကျွန်တော် ကောက်ယူကြည့်လိုက်၏။ထို့နောက် စာအိတ်ကလေးကို အကြောင်းမရှိစွာ ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်မိသည်။တစ်ဆက်တည်း၌ ရင်းနှီးပြီးသားစာလုံးများကို တွေ့လိုက်ရစဥ် ကျွန်တော်သည် မျက်နှာများပူတက်လာ၍ ရှက်စိတ်များက ဖြန်းကတည်း ဝင်ရောက်လာတော့သည်။သည်ခံစားချက်က သည်စာအိတ်ကလေးကို ရခဲ့သည့်နေ့ကအတိုင်းပင်။
CZYTASZ
ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)