Unicode
ဘုန်းဆက်ထင် နိုးနိုးချင်း ခုံပေါ်ကဖုန်းကိုယူကာ ကြည့်လိုက်တော့ မနက်ရှစ်နာရီ။ ဆယ်နာရီမှာ Hotel ဖွင့်ပွဲ ရှိသေး၏။ မနက်ပိုင်းဖွင့်ပွဲကတော့ သိပ်အထူးတလည်မဟုတ်တော့တာမို့ ဖဲကြိုးဖြတ်ရုံ၊ နှုတ်ဆက်ရုံသာ။
နှစ်နာရီလောက် အချိန်ရသေးတာမို့ အိပ်ရာပေါ် ပြန်လှဲလိုက်ရင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဇွဲခန့်မာန် မျက်နှာကို ကြည့်လိုက်မိသည်။ အသေအချာပုံဖော်ထားသလို စေ့ပိတ်ထားသော နှုတ်ခမ်းတစ်စုံ။ မျက်ခုံထင်းထင်းအောက်က မျက်၀န်းတို့က အိပ်ပျော်နေချိန်မို့ မျက်တောင်ခပ်စိတ်စိတ်တွေက ပို၍ထင်ရှားနေသည်။ ဘယ်ဘက်မျက်လုံးဘေးက မှဲ့နက်နက်ကလေးက ဇွဲခန့်မာန်၏ အမှတ်အသားတစ်ခုလို ထင်ထင်ရှားရှား။ ဇွဲခန့်မာန်ဟာ ငေးကြည့်ချင်စရာကောင်းသော ပန်းချီကားတစ်ချပ်လိုပင်။
တစိမ့်စိမ့်ငေးမောနေမိရင်းက တပြိုင်တည်းမှာပဲ အလိုလိုပြုံးနေမိသော ကိုယ့်ကိုယ်ကိုယ် တအံ့တဩ ဖြစ်ရသည်။ သူ ဘယ်အချိန်တုန်းက စပြီး ဇွဲခန့်မာန်အပေါ် ပျော်၀င်မိသွားတာလဲ။ Bar မှာစတွေ့ခဲ့သော အချိန်တည်းကပဲလား။ ဒါမှမဟုတ် မနေ့ညကလား။ မြင်မြင်ချင်းအချစ်ဆိုတာမျိုးကို သူ မကြုံဖူးခဲ့သလို ယုံလည်း မယုံကြည်ခဲ့။ လူတစ်ယောက်ဟာ အချိန်တိုလေးအတွင်းမှာ တခြားလူတစ်ယောက်ကို မြတ်နိုးစိတ်နဲ့ ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို တအံ့တဩ စတင်လက်ခံလာမိချိန်မှာပဲ ဇွဲခန့်မာန်ဟာ သူ့စိတ်ရဲ့ ခပ်နက်နက်တစ်နေရာအထိ ရောက်နေခဲ့ပြီ ထင်သည်။
ဇွဲ ကို ပျော်စေချင်သည်။ စိတ်ချမ်းသာစေချင်သည်။ ဇွဲခန့်မာန်အကြောင်းတွေကို စုံစမ်းလို့ရသမျှဟာ အဆိုးတွေသာများတာမို့ သူ ထပ်မစုံစမ်းဖြစ်တော့ပါ။ ဇွဲဟာ ဆယ်ကျော်သက်ဘ၀တည်းက မိသားစုနဲ့အတူမနေတော့တာတဲ့။
"ဇွဲခန့်မာန်က ငွေမက်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အတ္တကြီးတယ်၊ ပိုက်ဆံရှိအသိုင်းဝိုင်းက မိန်းကလေးတွေကို ထည်လဲတွဲပြီး အဲ့ဒီမိန်းကလေးတွေဆီက ချူစားနေတာ" တဲ့။
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။