Unicode
"ပင်ပန်းလိုက်တာကွာ"
ဇွဲခန့်မာန် အခန်းပြန်စီစဉ်ရတာမို့ ပစ္စည်းလေး နှစ်ခု သုံးခုလောက် ကူသယ်ပေးရခြင်းအား ညည်းလို့မဆုံးဖြစ်နေသော ရဲရင့်ကို ပြန်ပြောမနေတော့ဘဲ ဆိုင်ထဲလျှောက်ကာ ၀င်ခဲ့လိုက်တော့ ဆဲရေးသံနှင့်အတူ ဘေးကနေ အမီပြေးလိုက်လာ၏။ နှစ်ယောက်သား တွန်းတိုက်ကာ လျှောက်လာရင်း ဆိုင်ထဲရောက်တော့ ရဲရင့်က သူ့ပုခုံးအား နောက်တစ်ကြိမ် ထပ်၍ တိုက်ပြီး -
"ဇွဲ ... ဟိုမှာ"
"ဘာလဲ"
ရဲရင့် မျက်လုံးနှင့်ညွှန်ကာ ပြနေသော နေရာသို့လှမ်းကြည့်လိုက်တော့ -
"ကေဇင်ထွန်း ..."
"အေး ... ကေဇင်ထွန်းပဲ"
ရဲရင့်က အတည်ပြုသလို ခပ်တိုးတိုးထပ်ပြောကာ ခုံမှာ ၀င်ထိုင်၏။ တီးလုံးသံခပ်ငြိမ့်ငြိမ့်ကြား ဝိုင်းတစ်ခုမှာ တစ်ယောက်တည်းထိုင်နေသော ထိုမိန်းကလေးက သူတို့နှစ်ယောက်ကို မမြင်သေး။
"သူပြန်ရောက်နေတာလား"
ဇွဲခန့်မာန် အမေးစကားကို ရဲရင့်က ခေါင်းညိတ်ကာ ဖြေသည်။ အနားလာရပ်သော ဝိတ်တာလေးအား ဘီယာနှင့် စားစရာတချို့သာမှာလိုက်ပြီးမှ ရဲရင့်က စကားကို ဆက်ပြော၏။
"အေး ... ပြန်ရောက်နေတာလေ၊ စေ့စပ်ပွဲလည်း ပျက်သွားတယ်လို့ ကြားတယ်"
"မင်းက ဘယ်ကကြားတာလဲ"
"ဒီလိုပဲပေါ့ကွာ ... သူ့သူငယ်ချင်းတစ်ယောက်ဆီကပေါ့"
ရဲရင့်က သူ့ထက်ပိုပြီး မိန်းကလေးတွေနှင့် ပတ်သတ်မှု များသည်။ အရင်တည်းက ရဲရင့်လောက် နှံ့စပ်အောင်မသိတဲ့အပြင်မှာ ဘုန်းဆက်ထင်နှင့် ပတ်သတ်နေသော ကာလတစ်လျှောက် အသိမိတ်ဆွေတော်တော်များများနှင့် အဆက်အသွယ်ပျက်နေခဲ့တာ ဖြစ်သည်။
အခု ရှေ့ကဝိုင်းမှာ ထိုင်နေသော ကေဇင်ထွန်း ဆိုသည့်မိန်းကလေးက ဇွဲခန့်မာန်နှင့် တွဲမလိုလို ဖြစ်ဖူးသူ။ တွဲမလိုလိုဟု ဆိုရခြင်းမှာ မတွဲဖြစ်လိုက်သောကြောင့်ပင်။ ထုံးစံအတိုင်း Club မှာ ဆုံကြ။ ရင်းနှီးကြရင်းက အဆင့်တက်ဖို့ မကြိုးစားရသေးခင်မှာပဲ၊ ကေဇင်ထွန်းက မိဘသဘောတူသူနှင့် စေ့စပ်လိုက်ရသည် ဟူသော သတင်းသာကြားလိုက်ရပြီး သူတို့ အဆက်အသွယ်ပြတ်သွားခဲ့တာ ဖြစ်သည်။ အဲ့ဒီနောက် ပြည်ပထွက်သွားသည့်သတင်းအပြင် တခြားတော့ ထပ်မသိရတော့ပါ။ အဲ့ဒီအချိန်တည်းက မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့တာ။
YOU ARE READING
The Hologram
Storie d'amoreချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။