Unicode
"အောက်ပြန်ဆင်းခဲ့မယ်" ဟုသာ မင်းသစ်ကို ဖုန်းဆက်ထားပြီး ကိုယ့်ဟာကိုယ် ပြန်ဆင်းသွားလိုက်သည်။ ဒီအခန်းထဲက ကွဲကြေနေသော ပန်းအိုးစများနဲ့ သူ့သိက္ခာတို့ကိုတော့ မင်းသစ်ကို မမြင်စေချင်တော့ပါ။ ဇွဲ ကားမောင်း၍ ထွက်သွားတာကိုလည်း ကားပါကင်မှာ စောင့်နေသော မင်းသစ် မြင်လိုက်မှာပဲ ဖြစ်သည်။ သို့သော်လည်း ဘုန်းဆက်ထင် ကားပေါ်ပြန်ရောက်သည်အထိ ဘာမှမမေးပါ။ ပြဿနာတစ်ခုခုဆိုတာကိုတော့ ရိပ်မိနေလောက်မည့် မင်းသစ်က ကားမောင်းထွက်လာပြီး မိနစ်ပိုင်းလောက်အကြာမှ စကားကို စသည်။
"အဆင်ပြေရဲ့လား ဆက်ထင်"
ဘုန်းဆက်ထင် ခေါင်းသာညိတ်ပြလိုက်သည်။ အလိုလိုနေရင်း ရှက်ရွံ့နေမိသလို ခံစားချက်တစ်ခုဖြင့် မင်းသစ်ကို လှမ်းမကြည့်ဘဲ လက်ထဲကဖုန်းကို အကြောင်းမဲ့ ငုံ့ကြည့်ကာ လိုက်ပါလာခဲ့လိုက်သည်။ ကိုယ့်ဆန္ဒနှင့်ကိုယ် ရွေးချယ်ထားမိသော ရွေးချယ်မှုတစ်ခုအောက်မှာ အလဲလဲအကွဲကွဲ ဖြစ်နေရသော သူဟာ ဘေးလူတွေအမြင်မှာ သိသာနေသလားတော့ မသိပါ။ ထိုကိစ္စနှင့်ပတ်သက်၍ ပြောပြတိုင်ပင်ရမည့်သူဆိုတာလည်း မရှိသလို သူကိုယ်တိုင်ကရော ပြောပြတိုင်ပင်ချင်ရဲ့လားဆိုတာ မသေချာ။
"အတင်းလိုက်တွယ်ကပ်ပြီး ထွက်မသွားဖို့ဆွဲထားတဲ့လူက ငါ မဟုတ်ဘူး" တဲ့။ ထိုစကားလုံးတွေဟာ ဓားနဲ့ ခပ်နက်နက်ထိုးသွင်းခံရသလိုမျိုး ရင်ထဲမှာ စူးနင့်ကာ နေသည်။ "စိတ်ဆိုးလို့ပြောတာပါ၊ ဇွဲက ဒီလိုပါပဲ" ဟု တွေးရင်း နားလည်ပေးနေသော်လည်း ရင်ထဲက နာကျင်မှုဟာ အလုံးစုံသက်သာ မသွားပါ။ ရှိပြီးသားဒဏ်ရာပေါ် ထပ်ထပ်နာကျင်စေသလိုမျိုး၊ ရှေ့ဒဏ်ရာ မကျက်သေးခင်မှာဘဲ ဒဏ်ရာအသစ်ထပ်ဖြစ်ရပြန်သလိုမျိုး သူ့စိတ်တွေဟာ အနာတရများနေခဲ့ပြီ ထင်သည်။
.......................
အိပ်ရာနိုးနိုးချင်း မျက်လုံးတွေဖွင့်လိုက်ချိန်မှာ ခေါင်းထဲ တဆစ်ဆစ် ထိုးကိုက်လာမှုဟာ မျက်လုံးတွေကို ပြန်မှိတ်ထားမိစေသည် အထိ။ ညက ဘယ်လောက်တောင်သောက်လိုက်မိတယ် မသိ။ ဇွဲခန့်မာန် မျက်လုံးမှိတ်ထားရင်းက ပြန်တွေးကြည့်မိတော့ ရဲရင့်ကို "ငါ ကွန်ဒိုကို မပြန်ဘူးနော်" ဟုသာ ပြောနေမိသည်အထိပဲ မှတ်မိတော့သည်။ နားထင်ကို လက်နှင့်ဖိကာ ခဏငြိမ်နေရသည်။
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။