Part 4

3K 163 17
                                    

Unicode

လက်ကနာရီကို ကြည့်လိုက်တော့ ညတစ်နာရီထိုးခါနီး။ ဆူညံနေသော ပတ်၀န်းကျင်ကို တစ်ချက်ဝေ့ကြည့်‌နေတုန်း သူ့အား အကဲခတ်နေပုံရသော မင်းသစ်က စကားစသည်။

"အဲ့ဒါ ဘယ်သူမို့လို့လဲ ဆက်ထင်"

"ဇွဲခန့်မာန်ကို မေးတာလား"

"ဟုတ်တယ်လေ၊ မင်းနဲ့ပြဿနာတစ်ခုခုရှိနေလို့လား၊ ဒါမှမဟုတ် ..."

မင်းသစ်က ဘုန်းဆက်ထင်အား ကြည့်ကာ စကားကိုခဏရပ်ပြီး သက်ပြင်းချကာ ဆက်ပြောလာ၏။

"မင်းရဲ့ Personal အထိ ၀င်ပါတာတော့ မဟုတ်ပေမယ့်၊ မင်းက ငါ့အလုပ်ရှင်ဖြစ်တဲ့အပြင် ငါ့သူငယ်ချင်းလည်း ဟုတ်တယ်လေ၊ အဲ့ဒါကြောင့် .."

"ပြောပါ၊ ရပါတယ်"

"မင်းနဲ့ ဘာမှပတ်သတ်တာမရှိဘူးဆိုရင်လည်း သွားပြီးပတ်သတ်ဖို့ မကြိုးစားနေသင့်ဘူးလို့ ငါထင်လို့ပါ"

"ငါလည်း သိပါတယ်" လို့ စိတ်ထဲမှာပဲ ပြန်ပြောလိုက်ရင်းက မင်းသစ်ကိုတော့ ဘာမှမတုံ့ပြန်ဖြစ်လိုက်။ မင်းသစ်က သူ စိတ်များ ဆိုးသွားမလားဟု အကဲခတ်နေဟန်နှင့် ကြည့်နေပြီး ဘာမှတော့ ဆက်မပြော။

ဘုန်းဆက်ထင် ကိုယ်တိုင်လည်း ဘာလို့ ဒီ Club ထဲအထိ ရောက်လာမိသလဲ ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်။ "ဇွဲခန့်မာန်က ညတိုင်းလိုလို ဒီမှာရှိတတ်တယ်" ဆိုတာကို မင်းသစ်ဆီက ကြားပြီး သူ ဒီကိုရောက်လာခဲ့တာ မဟုတ်လား။ တကယ်ပဲ ဇွဲခန့်မာန်နဲ့ ရင်းနှီးဖို့ သူ ကြိုးစားနေမိပြီ ထင်သည်။

"ဇွဲခန့်မာန်က မင်း ပတ်သတ်သင့်တဲ့ လူမျိုး မဟုတ်ဘူး ဆက်ထင်"

မင်းသစ်စကားအဆုံးမှာ သူ့မျက်လုံးတွေက ဇွဲခန့်မာန် ရှိရာဆီ ထပ်မံရောက်သွားရသည်။ သူငယ်ချင်းတစ်ယောက်နှင့် ရယ်မောကာ စကားပြောနေသော ဇွဲခန့်မာန်က သူတို့ရှိရာဆီ အကြည့်ရောက်လာပေမယ့် သူ့ကိုမြင်ပုံတော့ မရ။ "မြင်လည်း သိမှာမှ မဟုတ်ဘဲ" ဟု တွေးကာ ပြုံးမိမလို ဖြစ်ပြီးမှ မင်းသစ်ရှိနေသေးတာကို သတိရကာ ထိန်းလိုက်ရသည်။

"မင်း စိတ်ပူတာကို ငါနားလည်ပါတယ်"

မင်းသစ်က တစ်ခုခုပြောချင်‌သေးတဲ့ပုံ ရှိပေမယ့် ဘာမှတော့ ဆက်မပြောတော့ဘဲ ဇွဲခန့်မာန်တို့ဝိုင်းဆီကိုသာ မကြာခဏ လှမ်းကြည့်နေသည်။ မင်းသစ်ကို ကြည့်ရတာ ဇွဲခန့်မာန်အား အတော်လေး သဘောမကျ ဖြစ်နေပုံရသည်။

The Hologram Where stories live. Discover now