Unicode
ခြံရှေ့မှာ ကားကိုရပ်ကာ အိမ်ထဲကို ဇွဲခန့်မာန် လှမ်း၀င်သွားလိုက်သည်နှင့် ဂစ်တာတစ်လက်ကိုင်ကာ ကြမ်းပြင်ပေါ်မှာထိုင်နေသော မြတ်မင်းခန့်က ထလာ၏။ အိမ်ရှေ့ခန်းက သစ်သားဆက်တီခုံမှာ ၀င်ထိုင်လိုက်တော့ ပက်လက်ကုလားထိုင်ပေါ် မှီထိုင်နေသော အဖေက မျက်လုံးဖွင့်ကာ ကြည့်သည်။ မြတ်မင်းခန့်က ဇွဲခန့်မာန် ဘေးမှာ ၀င်ထိုင်ရင်း -
"ကိုဇွဲ ကို သားပြောပြလိုက်တာ ဖေဖေ"
အဖေက သူ့ကို လှမ်းကြည့်ကာ တစ်စုံတစ်ခုပြောတော့မည့်ဟန်ဖြင့် ဘာမှမပြောတာကြောင့် သူကပဲ စကားကို စပြောလိုက်သည်။
"အိမ်က အခုပြန်ရွေးဖို့ လိုနေပြီဆိုလို့လေ"
"အင်း"
အဖေနဲ့စကားမပြောဖြစ်တာရော၊ မတွေ့ဖြစ်တာရော ကြာတာကြောင့် စကားပြောရတာ သက်တောင့်သက်သာ ဖြစ်မနေချေ။ အစကတော့ အိမ်ကလည်း ပေါင်ထားတာ ဆုံးလုနီးပါး အခြေအနေ။ အဖေ့ကျန်းမာရေးကလည်း မကောင်းဘူးဟု မြတ်မင်းခန့်ပြောတာကြောင့် ဇွဲခန့်မာန် ရောက်လာခဲ့တာ ဖြစ်သည်။ အခု တွေ့တော့လည်း ပြောသလောက်မဟုတ်ပါ။ မြတ်မင်းခန့် စကားကို ပိုပြောတာပဲ ဖြစ်လိမ့်မည်။
"မင်းရော အဆင်ပြေလို့လား"
အဖေ့စကားက သိပ်မပွင့်တပွင့်။ အားနာနေတာလား။ သူ့ဆီက အကူအညီယူရတာမို့ သိက္ခာကျသည်ဟု တွေးနေတာလားတော့ မသိပါ။
"ဟုတ်ကဲ့ အဆင်ပြေပါတယ်"
"အခုရော ဘယ်မှာ နေနေလဲ"
"ကမာရွတ်ဘက်မှာပါ"
"ဖေဖေတို့ကလည်း၊ ဒီအိမ်ကိစ္စကို ကျွန်တော် ပြန်စီစဉ်ပေးမယ်လို့ ပြောထားသားနဲ့"
အခန်းလိုက်ကာကို တွန်းဖယ်ကာ ထွက်လာသော ဇေယျာနိုင်၏ ကျက်သရေ မရှိသော မျက်နှာနှင့် အသံကို မြင်တွေ့ကာ ကြားလိုက်ရချိန်မှာ ဇွဲခန့်မာန် ဝုန်းခနဲ ထရပ်တော့ မြတ်မင်းခန့်က လှည့်ကြည့်ကာ -
"ကိုကြီးကလည်း ဘာဖြစ်နေတာလဲ"
"ဘာဖြစ်ရမှာလဲ၊ မင်းခန့် ... မင်း လျှာရှည်တာမလား"
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။