Part 39

1.3K 276 64
                                    

Unicode

မီးမပိတ်ထားသော အခန်းကြောင့်လား၊ ခေါင်းထဲက အတွေးတွေကြောင့်ပဲလားမသိ၊ ညသန်းခေါင်ကို မေ့လျော့စွာ ထိုင်နေမိသည်က နာရီပေါင်းများစွာ။ ကွန်ဒိုကနေ အိမ်ကို ပြန်ရောက်တည်းက အခန်းထဲမှာ ငြိမ်လျက် ထိုင်နေခဲ့သည်မှာ အခု ညတစ်နာရီကျော်သည်အထိ ဖြစ်သည်။ ယူလာခဲ့သော Luggage ဟာလည်း ခုတင်ခြေရင်းနားမှာ ထိုအတိုင်းသာ ချထားလျက် ရှိနေ၏။ ခုတင်ဘေးက ခုံမှာတင်ထားသော ဓာတ်ပုံဘောင်လေးကို ယူကာ ကြည့်မိတော့ ပုံထဲမှ လူသုံးယောက်၏ အပြုံးဟာ နွေးထွေးနေသည်။ ထိုပုံဟာ ဘုန်းဆက်ထင် ဘွဲ့ယူသည့်နေ့က ရိုက်ထားခဲ့သော မိသားစုဓာတ်ပုံလေး ဖြစ်သည်။ ဖေဖေနဲ့ မေမေရဲ့ ဂုဏ်ယူသောအပြုံးတို့နှင့် ခြံရံထားသည့် အလယ်မှာရပ်နေသော ဘွဲ့၀တ်ရုံနှင့် လူငယ်တစ်ဦး။

‌ဓာတ်ပုံထဲမှ မေမေ့မျက်နှာနေရာအား လက်မနှင့် ပွတ်သပ်ရင်း ကြည့်နေမိသည်။ နောက်သုံးရက်လောက်အထိ မေမေဟာ ဒီအိမ်ထဲမှာ ရှိနေဦးမှာလား။ မရှိတော့ဘူးလား။ မသေချာသော်လည်း အကယ်၍များ သူ့ဘေးမှာ မေမေရှိနေခဲ့မယ်ဆို ထားခဲ့ဖို့ စိတ်မချစေလောက်မဲ့ အပြုအမူတွေတော့ မလုပ်မှဖြစ်မည် မဟုတ်လား။

"စိတ်ချပါ မေမေရယ်၊ ဖေဖေ့ကိုရော သားကိုရော စိတ်ချပါ၊ မေမေ့အတွက်ပါ ပိုပြီးတော့ ဖေဖေ့အပေါ်မှာ အများကြီးဂရုစိုက်ပေးပါ့မယ်"

ဓာတ်ပုံလေးပေါ် ပေါက်ခနဲကျသော ရေမဟုတ်သည့် ရေစက်တစ်ခုကို ဖယ်သုတ်ပစ်လိုက်ကာ ဓာတ်ပုံလေးကို နေရာတကျ ပြန်ချထားလိုက်သည်။ ထို့နောက်လည်း ခုတင်ပေါ်မှာ လှဲမအိပ်လိုက်သေးဘဲ ငြိမ်၍သာ ထိုင်နေမိဆဲ။ စန္ဒီတို့က "ဘာဖြစ်လာတာလဲ" ဟု မေးတာကိုလည်း ပြန်မဖြေမိဘဲ တစ်ယောက်တည်း ခဏနေဖို့သာ ပြောခဲ့လိုက်သည်။ စန္ဒီရော၊ ရှင်းဉာဏ်ပါ နားလည်လိမ့်မည် ထင်ပါသည်။ အခုချိန်မှာ ဘယ်သူနဲ့မှ ဘာစကားမှ မပြောဘဲ ခဏလောက်အချိန်ယူဖို့ လိုအပ်သည်။ အခုလို ငြိမ်ငြိမ်လေးပဲ ခဏလောက်ထိုင်နေချင်သည်။

ဘေးနားချထားသော ဖုန်းကို ကောက်ယူလိုက်ပြီးမှ Screen ပွင့်ပွင့်ချင်း Wallpaper ပေါ်က ဓာတ်ပုံကြောင့် ချက်ချင်းပဲ ဖုန်းကို မှောက်ကာ ပြန်ချထားလိုက်ရ၏။ ထို့နောက်မှ နောက်တစ်ခေါက် ပြန်ယူကာ ဖုန်းကို ဖွင့်သည်။ ကားပေါ်မှာ၊ အခန်းထဲမှာ၊ အချို့သော ဆိုင်တွေမှာ အမှတ်တမဲ့ ရိုက်ထားမိသော Photo Gallery ထဲမှ ဓာတ်ပုံများ။ အတော်များများဟာ ဇွဲနှင့် ပတ်သက်သမျှတွေသာ။ ပုံတွေကို တစ်ပုံချင်းလိုက်ကြည့်နေမိပြီးမှ ရပ်တန့်ပစ်လိုက်ကာ Select လုပ်ပြီး Delete နှိပ်ပစ်ရန် လက်ရွယ်လိုက်သော်လည်း ....။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

The Hologram Where stories live. Discover now