Part 37

2.2K 253 87
                                    

Unicode

ရဲရင့်နဲ့ နှစ်ယောက်သား ငြင်းခုံတိုင်ပင် အပြီးမှာ လှော်ကားဘက်က အပန်းဖြေနေရာအသေးစားလေး တစ်ခုကိုသာ ရွေးချယ်ဖြစ်ခဲ့ကြသည်။ ရန်ကုန်ကနေဆိုရင်တော့ တစ်နာရီ၀န်းကျင်လောက် သွားရသည်။ တည်းခိုစရာကို သစ်သားအိမ်ငယ်လေးတွေ ဆောက်ထားပြီး တောအုပ်ထဲက သစ်လုံးအိမ်မှာ နေရသလို ခံစားချက်မျိုး ဖန်တီးထားတာ ဖြစ်သည်။ ညအိပ်လည်း နေလို့ရပေမဲ့ သူတို့ကတော့ မနက်အစောပိုင်းက စပြီး ညနေအထိသာနေဖို့ ရည်ရွယ်ထားသည်။

အိမ်ငယ်လေးထဲ ၀င်လာတော့ သွန်းက ယူလာတဲ့ စားစရာတချို့ကို စားပွဲခုံအပုလေးပေါ် တင်ကာ ဘေးမှာ ၀င်ထိုင်သည်။ ရဲရင့်က ဂစ်တာကို ဘေးချပြီး ခုတင်ဘေး ကြမ်းပြင်ပေါ်ခင်းထားသော ကော်ဇောလေးပေါ် လှဲအိပ်၏။ ဇွဲခန့်မာန် မထိုင်ဖြစ်သေးဘဲ ရဲရင့်လက်ထဲက ဖုန်းကိုတောင်းတော့ မပေးသေးဘဲ မော့ကြည့်ကာ -

"ဘာလုပ်ဖို့လဲ"

"ဖုန်းတွေ ကားပေါ်သွားသိမ်းထားမလို့လေ၊ စိတ်ကို relax ဖြစ်အောင်ပါ ဆိုမှ ဖုန်းတွေသုံးနေရင် ဘာထူးမှာလဲ ... ပေး၊ ငါ့ဖုန်းလည်း ထားခဲ့မှာ"

"အာ ... ငါ ဖုန်းလာစရာတွေရှိတယ်၊ မသုံးနဲ့ဆိုလည်း မသုံးဘူး၊ ပိတ်ထားလိုက်မယ်"

ရဲရင့်က ဖုန်းက ပိတ်ကာ ဘေးချထားဖို့ ပြင်တာမို့ အတင်းဆွဲကာ ယူလိုက်ရင်း -

"မင်းရဲ့ အဲ့ဒီဖုန်းတွေက လာလွန်းလို့၊ တစ်လောကလုံး မင်းပဲ အလုပ်အရှုပ်ဆုံး၊ ဒီတစ်ရက်တော့ မကိုင်နဲ့ .. ထားလိုက်"

ရဲရင့်က မကျေမနပ်နဲ့ "အေး ... သိမ်းကွာ" ဟု ပြောသည်။ မပြောလည်း ဖုန်းက ဇွဲခန့်မာန် လက်ထဲရောက်နေပြီ။ သွန်းဆီက ဖုန်းကိုပါ လှမ်းယူကာ ကားရပ်ထားရာဆီ ပြန်ထွက်ခဲ့လိုက်သည်။ ကားထဲမထည့်ခင် ဇွဲခန့်မာန် ဖုန်းကို တစ်ချက်ဖွင့်ကာ ကြည့်လိုက်တော့ ဘုန်းဆက်ထင်ဆီက Missed Call များ။ နံပါတ်အရတော့ ဘုန်းဆက်ထင် ပြန်ရောက်‌နေပြီ ထင်သည်။ နောက်နေ့မှပဲ ဖုန်းပြန်ခေါ်လိုက်ဖို့တွေးကာ ဖုန်းတွေကို ကားထဲထည့်ကာ ပိတ်ခဲ့လိုက်သည်။ တွေ့ရင်လည်း ပြဿနာကိစ္စတွေကို ဘာမှ ပြောမနေတော့ဘူးဟုသာ တွေးထားလိုက်သည်။

The Hologram Where stories live. Discover now