Unicode
ခုတင်ပေါ်မှာ လှဲအိပ်နေရာမှ ပိုင်ရှင်းဉာဏ် အလိုမကျစွာ ထထိုင်လိုက်သည်။ အေးစိမ့်နေသော Aircon ကို အကြောင်းမဲ့သက်သက် အပြစ်ရှာသလိုမော့ကြည့်ကာ remote ကို ကောက်ယူပြီး ပိတ်ပစ်လိုက်၏။
"ဘာလို့ ဒီလောက်အေးနေတာလဲ"
အလိုမကျနေသောစိတ်အား Aircon အေးနေခြင်းအပေါ်သာ ပို့ထားလိုက်ပြီး စာကြည့်စားပွဲမှာ ၀င်ထိုင်ကာ Laptop ကို ဖွင့်လိုက်သည်။ Keyboard ပေါ် အလိုက်သင့်လုပ်ရှားသွားသောလက်တို့က စာလုံးရေ ၂၀၀ ကျော်ခန့် ရိုက်ပြီးချိန်မှာ ရပ်တန့်သွားပြန်၏။ Delete ခလုတ်ကို ဖိနှိပ်ထားပစ်လိုက်ရင်း စောစောကရေးထားခဲ့သော စာသားတို့ကို ပျောက်ကွယ်စေလိုက်သည်။ စိတ်ထဲက အတွေးတွေကိုလည်း အဲ့ဒီလို ဖျောက်ပစ်လိုက်လို့ရရင် အကောင်းသား။
"မင်း ဘာတွေဖြစ်နေတာလဲ ပိုင်ရှင်းဉာဏ် ... ဒါ ပထမဆုံး မို့လို့လား"
ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသော မေးခွန်းကို ကိုယ့်ဟာကိုယ်ပဲ ခေါင်းခါရင်း ဖြေဆိုလိုက်မိသည်။ ဒါ ပထမဆုံးမှ မဟုတ်ဘဲ။ ကိုဆက် တခြားသူလက်ကို တွဲထားခြင်းအား မြင်ဖူးခဲ့ရတာ ဒါပထမဆုံး မဟုတ်ဘူးလေ။ အဲ့လိုအချိန်ဆို မမစန္ဒီအမြဲပြောနေကျစကားက "အချိန်တန်ရင်ပြတ်မှာပဲ ကြိုးစားခွင့်ရှိသေးတယ်" တဲ့။ ပိုင်ရှင်းဉာဏ် ပြုံးလိုက်မိသည်။ ထိုအပြုံးက နာနာကျင်ကျင် ဖြစ်နေမလားတော့ မသိ။
"သား ... ရှင်းဉာဏ်"
တံခါးခေါက်သံနဲ့အတူ ကြားလိုက်ရသော အန်တီလေးအသံကြောင့် တံခါးဆီလျှောက်လာကာ ဖွင့်ပေးလိုက်တော့ -
"ဆက်ထင် ရောက်နေတယ်"
"ကိုဆက် ရောက်နေတာလား"
အန်တီလေးစကား အဆုံးမှာ ခပ်မြန်မြန်ပြန်မေးလိုက်သော သူ့စကားတို့က ရုတ်တရက်ဖြစ်ပေါ်သွားတဲ့ အပျော်ကို သိသာစေမလားတော့ မသိပါ။ ဒေါ်လေးက ပြုံးပြီး ခေါင်းညိတ်၏။
"ဟုတ်ပါ့ရှင် ... ကိုဆက်ထင် ရောက်နေတာ၊ သူ့ဘွားဘွားကြီးဆီ အရင် ၀င်တွေ့နေလေရဲ့"
"ဟုတ် ... သား သွားလိုက်မယ်"
"ညစာစားပြီးမှ ပြန်ဖို့ပြောလိုက်ဦး၊ ရောက်တုန်း စားသွားရမယ်လို့"
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။