Unicode
သူ့ဘေးမှာ ပြန်၀င်ထိုင်ကာ လက်နှစ်ဖက်အား အချင်းချင်းပွတ်သတ်ရင်း တစ်စုံတစ်ခုပြောဖို့ အားယူနေဟန်ရှိသော ဘုန်းဆက်ထင်အား ဇွဲခန့်မာန် ငဲ့စောင်းကာ ကြည့်လိုက်သည်။ စောစောက ကားပါကင်မှာ ဘုန်းဆက်ထင်သူငယ်ချင်းဆိုသော အမျိုးသမီးနှင့်တွေ့လိုက်ကတည်းက တစ်ခုခုတော့ မှားယွင်းနေကြောင်း သူ ရိပ်မိပါသည်။
သူ့ကို မြင်လိုက်တာနဲ့ ဒေါသတကြီးအမူအရာပြောင်းလဲသွားသော ထိုအမျိုးသမီးအား သူ မမြင်ဖူးတာမို့ လူမှားတာများလားဟု ထင်လိုက်သော်လည်း၊ အခု ဘုန်းဆက်ထင်ပြန်ရောက်လာချိန်မှာ ထိန်းမရအောင်ပျက်ယွင်းနေသော အမူအရာတို့က ပြဿနာတစ်ခုခုတော့ ရှိမယ်မှန်း သေချာသွားစေသည်။
"လူမှားတာ" တဲ့။ မလိမ်တတ်ဘဲ လိမ်ပြောနေသော ဘုန်းဆက်ထင်က "တစ်ခုခု သိချင်တာရှိရင်မေး" ဟု သူပြောလိုက်တော့ ဘေးမှာ ပြန်၀င်ထိုင်ကာ ဘာမှတော့ပြောမလာသေး။ စောစောက "စန္ဒီ" ဆိုသော အမျိုးသမီးအား အတွေးထဲမှာ ပြန်လည်ပုံဖော်ကြည့်နေပေမဲ့ သေချာတာတစ်ခုက သူတို့တစ်ခါမှမဆုံဖူးကြပါ။ အရေအတွက် ဘယ်လောက်များများပဲ တွဲခဲ့ဖူးတယ်ဆိုဆို ကိုယ်နဲ့ရင်းနှီးခဲ့ဖူးသူကို မျက်နှာမြင်တာတောင် ပြန်မမှတ်မိဘူးဆိုတာတော့ ဘယ်ရှိပါ့မလဲ။ စန္ဒီ ဆိုသော တစ်ယောက်အား တကယ်ကိုမသိတာ ဖြစ်သည်။
"ဇွဲ ..."
"အင်း ..."
သူ့ဘေးမှာ မိနစ်ပိုင်းလောက်ကြာအောင်ထိုင်ကာ အချိန်ယူအပြီးမှာ ဘုန်းဆက်ထင်ဆီက ထွက်ပေါ်လာသည်က သူ့နာမည်ကို ခပ်တိုးတိုးခေါ်လိုက်သံတစ်ခုသာ။ "ဘုန်းဆက်ထင် ဘာတွေဖြစ်နေတာလဲ"ဟု တွေးမိရင်း "အင်း" ဟု စကားထောက်ပေးလိုက်တော့ သက်ပြင်းရှိုက်နေပြီးမှ -
"ငါ အခုမေးတာကို အမှန်တိုင်းဖြေပေးနိုင်မလား"
"ငါ ပြောပြလို့ရတဲ့ကိစ္စဆို ပြောပြမယ်လို့ ပြောပြီးပြီလေ"
ဘုန်းဆက်ထင်ဆီမှ စကားသံတို့ ခဏမျှ တိတ်ဆိတ်သွားပြန်သည်။ ထို့နောက်တွင်မှ -
"မင်း ... နဒီနိုင်ဦးကို သိလား"
"နဒီနိုင်ဦး ..."
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။