Part 35

2.2K 201 67
                                    

Unicode

ဆူညံနေသော ပတ်၀န်းကျင်ကိုကြည့်ကာ  Cola ကို တစ်ငုံချင်းသောက်နေသော ဇွဲခန့်မာန် အနားကို ရဲရင့်က ရောက်ချလာပြီး လက်ထဲကခွက်ကို ဆွဲယူသည်။

"ခွက်မှားနေတာလား"

ဇွဲခန့်မာန် ရယ်ရင်း ရဲရင့်လက်ထဲက Cola ခွက်ကို ပြန်ယူလိုက်သည်။

"မဟုတ်ပါဘူးကွာ၊ ငါ မမူးချင်လို့"

တကယ်လည်း ဒီ‌ည မမူးချင်ပါ။ သောက်ချင်စိတ် မရှိပေမဲ့ ကွန်ဒိုကို ပြန်သွားရင်လည်း တစ်ယောက်တည်း ဖြစ်နေမှာမို့ မပြန်ချင်သေးတာကြောင့် ဒီမှာ ထိုင်နေတာ ဖြစ်သည်။ တစ်ယောက်စကားပြောတာကို တစ်ယောက် မကြားရလောက်အောင် ဆူညံနေသော နေရာမှာ စုပြုံရှုပ်ထွေးနေသော လူတွေကို အခုလိုမျိုး ထောင့်ကျကျဝိုင်းတစ်ခုကနေ ငြိမ်ငြိမ်လေးထိုင်ကြည့်နေရခြင်းဟာ စိတ်ထွက်ပေါက်တစ်ခုလို ခံစားရသည်။

"မင်းကလည်း ... နဂိုတည်းက Club လာရင် အရက်သောက်တာတစ်မျိုးပဲလုပ်တဲ့ကောင်က အခု အရက်ပါမသောက်တော့ ဘာလို့လာနေသေးလဲ၊ အိမ်ပြန် အိပ်နေပါလား"

"မင်း ဝောာ်တော်စကားများတဲ့ ကောင်ပဲ၊ သွားစမ်းပါ .. မင်းဟာမင်း လုပ်စရာရှိတာသွားလုပ်၊ ငါ့ဟာငါ ဘာပဲသောက်သောက်ပေါ့"

"မင်း အဲ့တိုင်းထိုင်နေရင် စိတ်မဖြောင့်လွန်းလို့၊ ငါ့မှာ ခဏခဏ လှမ်းကြည့်နေရတာ"

ရဲရင့် ပြောဝာာကို သဘောပေါက်စွာ ရယ်နေလိုက်သည်။ ဘုန်းဆက်ထင်က ရဲရင့်ဆီလည်း ဖုန်းဆက်ကာ မှာသွားသေးသည်ဟု ပြောသည်။ အရင်တစ်ခါကလို ရန်ဖြစ်မှာမျိုးကို စိုးရိမ်နေပုံရသည်။ မသွားခင်မှာလည်း "ဖြစ်နိုင်ရင်တော့ ငါ မရှိတဲ့အချိန်တွေ ညဘက်မထွက်စေချင်ဘူး" ဟု ပြောသေးသည်။ မသွားဘူးဟု ကတိမပေးလိုက်သော်လည်း "ပြဿနာမဖြစ်စေရဘူး စိတ်ချ" ဟုတော့ ပြန်ပြောလိုက်ပါသည်။

ရဲရင့်က ခဏသာ လာထိုင်ပြီး လူအုပ်ကြားထဲ ပြန်ရောက်သွား၏။ မီးရောင်တွေကြားထဲ ဟိုဟိုဒီဒီလျှောက်ကြည့်နေရင်းက ဘုန်းဆက်ထင်နှင့် ပထမဆုံး စတွေ့ဖြစ်သော အချိန်ဆီ ပြန်တွေးမိသည်။ "လူမှားနေတာလား" ဟု သွားမေးခဲ့တာကို တွေးမိတော့ အလိုလိုပြုံးမိသွားသည်။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ပုဂံခရီး။ အဲ့ဒီနောက်မှာ ဒီ relationship ထဲကနေ မကြာခဏ ထွက်ပြေးဖို့ ကြိုးစားခဲ့တာတွေ ...။ အချိန်တွေဟာ ခဏလေးလိုပင်။ ခေါင်းထဲမှာ တစ်ခုချင်းပေါ်လာနေသော အတွေးများနှင့် DJ ကနေ ထွက်ပေါ်နေသော Brun it Down သီချင်းသံသည် မလိုက်ဖက်စွာပင် ယှဉ်တွဲပြေးလွှားနေ၏။

The Hologram Where stories live. Discover now