Unicode
အထပ်မြင့် Bar တစ်ခု၏ သီးသန့်ခန်းတစ်ခုအတွင်း၌ လူနှစ်ဦးစကားပြောနေသံအပြင် အခြားသော သီချင်းသံ၊ တီးလုံးသံ ဘာမှ မရှိ။ စကားပြောသံတို့ ရပ်သွားသည်နှင့် အခန်းသည် တိတ်ဆိတ်သွား၏။ ဖန်ခွက်ထဲ ရေခဲထည့်လိုက်သံ၊ အရက်ငှဲ့သံ။ တိတ်ဆိတ်နေသော အခန်းတွင်းမို့ လှုပ်ရှားမှုတစ်ခုတိုင်း၏ အသံတို့ကို အသေအချာကို ကြားနေရ၏။ ထို့နောက်မှာ သက်ပြင်းချသံ တစ်ခု။ သက်ပြင်းချလိုက်သူအား ကြည့်ရင်း ဘုန်းဆက်ထင် စကားတို့ ဆက်ပြောဖြစ်သည်။
"ဒီတစ်ညတော့ ငါ မူးအောင်သောက်မယ်"
ဘုန်းဆက်ထင်လက်ထဲက ဖန်ခွက်အား လှမ်းကြည့်နေသော ပိုင်ရှင်းဉာဏ်က ဟန့်တားတာမျိုးတော့ မလုပ်ပါ။
"ကိုဆက် ပြောသလိုပဲ၊ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ ထပ်မရှိတော့ရင် ကောင်းမှာပါ"
"ငါ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်သလို၊ ဘယ်သူ့အမှားပါလို့လည်း မပြောချင်ဘူး ရှင်းဉာဏ်"
နှစ်ယောက်သား အပြန်အလှန်ပြောလိုက်သော စကားနှစ်ခွန်းဟာ အဆက်စပ်တော့ သိပ်ရှိမနေပါ။ သို့သော် နှစ်ယောက်လုံး ခေါင်းညိတ်မိကြရင်း ဘုန်းဆက်ထင် လက်ထဲကခွက်ကို မော့သောက်လိုက်သည်။ လည်ချောင်းတစ်လျှောက် ပူဆင်းသွားသော ခံစားချက်သည် လက်ရှိခံစားချက်တို့နှင့် မဆိုင်သလိုပင်။ "စိတ်ညစ်ရင်အရက်သောက်ရတယ်" ဆိုသည်မှာ ယေဘုယျလူပြိန်းအတွေးတစ်ခုဖြစ်သော်လည်း အခုချိန်မှာ ထိုသို့သော လူပြိန်းအတွေးကိုသာ တွေးနိုင်စွမ်းရှိသည်။
ခေါင်းထဲမှာ ရှုပ်ထွေးနေသည်။ ရင်ထဲက နာကျင်မှုဟာ များလွန်း၍ ထုံနေ၏။ မကျေနပ်နေမိသော စိတ်ဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး စိတ်ဆိုး ပေါက်ကွဲရမယ်မှန်းမသိတော့။ မိဘမသိအောင် ရည်းစားခိုးထားရင်း အသည်းကွဲသော ဆယ်ကျော်သက် ကလေးတစ်ယောက်လိုမျိုး တစ်ယောက်ယောက်ကို ပြောပြလိုက်ဖို့တောင် ခက်ခဲနေရသော ခံစားချက်ကြီးဟာ ပူလောင်ပင်ပန်းစေသည်။
အခုချိန်မှာ သူနဲ့ဇွဲ ကြားက မရှင်းလင်းသော ဆက်ဆံရေးတစ်ခုကို အရင်ဖြေရှင်းရမလား။ စန္ဒီ၊ ရှင်းဉာဏ်နဲ့ ဘုန်းဆက်ထင်တို့ သုံးယောက်ကြားက မကျေလည်မှုတွေကို ရှင်းလင်းရမလား။ ဇွဲအပေါ် ခါးသီးနေသော ရှင်းဉာဏ်နဲ့ စန္ဒီတို့ရဲ့ စိတ်ကိုရော ကျေနပ်စေဖို့ သူ ဘယ်လိုတွေ လုပ်ပေးရမလဲ။ ဘယ်အရာကို စတင်ဖြေရှင်းရမလဲ စဉ်းစားမရသလို၊ ဘယ်အရာကိုမှလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပါ။ ထို့ကြောင့် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာဟာ အရာအားလုံးကို ခဏမေ့လျော့ပြီး အိပ်ပျော်သွားဖို့သာ ရှိတော့သည်။ မရပ်မနား သောက်နေမိသည်က ခေါင်းထဲမှာ ရီဝေလာသည် အထိ။
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။