“အဖွဲ့လိုက်ခရီးထွက်မယ့်ကိစ္စ ရှကျစ်ကွမ်းကဦးဆောင်ပေးပါဦး...”
တာဝန်ယူလိုက်ရသောကိစ္စကြောင့် လိုအပ်သည့်မေးခွန်းတွေမေးရန် ဟွမ်ကျွင့်ကျယ်ထံချဉ်းကပ်ရသည်...။
အတန်းပြန်တက်သည့်နေ့မှစပြီး သူ့အနားမှာ အနည်းဆုံးလူသုံးယောက်လောက်ရှိနေခြင်းဟာ ထင်သလောက်ရိုးရှင်းရဲ့လားမသိနိုင်...။
အနားမှာရပ်လိုက်သည်နှင့် မော့ကြည့်လာသည့်သူက မျက်ခုံးနှစ်ဖက်ကို လှလှပပပင့်တင်ပြသည်...။
“ခရီးစဉ်မှာလိုက်မယ့်သူတွေ စာရင်းလိုက်ကောက်နေတာ မင်းရောလိုက်မှာလား...”
မျက်လုံးတွေအရောင်လက်သွားပြီး ချက်ချင်းခေါင်းငြိမ့်သည်...။
“ပါပါးဆီဖုန်းဆက်ချင်လို့ ခဏစောင့်ပေးလို့ရလား...”
“အင်း...ရတယ်...”
ဖုန်းပြောနေသော်လည်း ပြုံးယောင်သမ်းနေသည့် အကြည့်နက်နက်တွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရသည်...။
“လိုက်ဖြစ်တယ်...”
သောကကင်းစင်သော မျက်နှာကြည်ကြည်ဟာ ဘဝအဆက်ဆက် ဆုတောင်းကောင်းခဲ့ဟန်တူသည်...။
မလိုအပ်သောအတွေးတွေခေါင်းထဲရောက်လာသည့် ကိုယ့်ကိုကိုယ်လဲစိတ်ပျက်မိပါသည်...။
------------------------------
“ရှောင်ဟွမ် ငါတို့ကားပေါ်မှာအတူတူထိုင်ရအောင်လေ...”
ချက်ချင်းခေါင်းမခါ အပြုံးတစ်ခုဖြင့်သာ တုန့်ပြန်နေသည်က တစ်ဖက်သားကို မျှော်လင့်ချက်ပေးနေသလိုပင်...။
“သူကစီနီယာတို့ကားနဲ့လိုက်မှာ မင်းက ဂျုနီယာတွေကိုကြီးကြပ်ရမယ်...”
ကြားဝင်ပြောလိုက်လေတော့ လင်းဟယ်မျက်နှာကသိသိသာသာကို ရှုံ့မဲ့သွားလေသည်...။
“မင်းကကော ဘယ်ကားနဲ့လိုက်မှာလဲဟင်...”
နဖူးမှာ ချွေးစက်တို့သီးနေသည့်အထိ မျက်နှာကို ထိုးနေသည့်နေရောင်စူးစူးကို အံကြိတ်ကာ တောင့်ခံပြီး နေရာမှ မရွှေ့ခြင်းက ခေါင်းမာသည်ကိုဖော်ပြနေသည်...။