“အာ...”
“မင်းဘယ်လိုလုပ်လိုက်တာလဲ...”
ဆိုင်တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ရုတ်တရတ်ဝင်တိုးခြင်းခံလိုက်ရကာ လူတစ်ယောက်လုံးရင်ခွင်ထဲပြုတ်ကျလာခဲ့ပြီး ထိုလူကိုင်ထားသော ကော်ဖီတွေဟာ အပြာနုရောင်ရှပ်အင်္ကျီတစ်ခုလုံးကို စွန်းထင်းသွားစေခဲ့သည်...။
မျက်စိရှေ့မှ မတ်တပ်တောင်သေချာမရပ်နိုင်သေးသည့် လူကို စူးစူးရှရှစိုက်ကြည့်လိုက်မိသည်...။
“တောင်းပန်ပါတယ်... ဘယ်လိုလုပ်မလဲ...”
လက်ကလည်းအင်္ကျီကိုလာကိုင်ကာ ပုတ်ချပေးနေသဖြင့် ပိုပြီးပေကျံသွားရတာကြောင့် ဒေါသဖြစ်လာရသည်...။
ထိုအချိန်မှာပင် နောက်မှဝင်လာသည့်လူတစ်ယောက်က သူ့ကိုတိုက်မိပြန်တာကြောင့် ယိုင်ကျလာပြန်သည့်ထိုသူကို ဒုတိယအကြိမ်ရင်ခွင်ထဲရောက်မလာခင်မှာ ဖမ်းထိန်းလိုက်ရပြန်သည်...။
သေသေချာချာကြည့်လိုက်မိတော့ ရီဝေဝေမျက်လုံးတွေဟာ အားယူပြီးဖွင့်ထားရသည့်ဟန်ပန်ဖြစ်နေပြီး နှာခေါင်းထဲသို့တိုးဝင်လာသည့် ယမကာအနံ့ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်...။
“နာတယ်...”
ဒေါသအလျှောက် ခပ်လှမ်းလှမ်းအထိ ဆွဲချလာမိတာ ဘယ်လောက်တောင်အားပါသွားသည်မသိ...။ သူပွတ်သပ်နေသည့်လက်ကောက်ဝတ်ကို ကြည့်လိုက်မိတော့ တကယ်ကို နီရဲနေကြသည်...။
ငုံ့ကျတော့မတတ်ဖြစ်နေသည့်မျက်နှာကို ထိုသူကခေါင်းကိုခါယမ်းကာ ထိန်းလိုက်ပြီး စိုက်ကြည့်လာသည်...။
ခဲရောင်ဖျော့ဖျော့ဟူဒီပွပွကိုဝတ်ထားတာကြောင့်လားမသိ သူ့တစ်ကိုယ်လုံးဟာ ဖြူဖျော့နေခဲ့ပြီး နှုတ်ခမ်းတွေနှင့်နားရွက်ဖျားတွေကတော့ ဆေးတင်ထားသလို နီရဲနေကြသည်...။
“ကျွတ်...”
ထိုနှုတ်ခမ်းတွေကို ကြည့်မိတော့ ဘာကြောင့်ရယ်မသိ စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်...။
“ဟို...တောင်းပန်ပါတယ်...ငါဘာလုပ်ပေးရမလဲ မသိဘူး ခဏလေးနော်...”