၃နှစ်ခန့်ကြာသော်...။
_______________________“အား...”
ရုတ်တရတ်မျက်လုံးတစ်ဖက်ကိုလက်ဖြင့် အုပ်ကာအော်ငြီးလိုက်တာကြောင့် ပျာယာခတ်သွားရသည်...။
“ရှောင်ဟွမ် မျက်လုံးထိသွားတာလား ပြပါဦး....”
ငုံ့ချလိုက်သည့်ဦးခေါင်းက မော့မလာ...။ စိတ်ပူစွာဖြင့် တတွတ်တွတ်ပြောနေမိသည့်စကားတွေကိုလည်း ဥပေက္ခာပြုထားသည်...။
“ရှောင်ဟွမ်...”
မတ်တပ်ရပ်လျက်ကနေဒါန်းပေါ်မှာထိုင်နေသည့် သူ့မျက်နှာကို အပေါ်ကနေငုံ့ကြည့်နေရတာကအဆင်မပြေ...။
“ရှောင်ဟွမ် ပြပါဦး... နီရဲသွားပြီလား... မျက်လုံးကိုမှကွာ... တောတ်...”
သူ့ဘေးမှာ ဝင်ထိုင်ရင်း မျက်လုံးကိုအုပ်ထားသည့်သူ့လက်ချောင်းတွေကို အတင်းဖယ်မိသည်...။
ပူလောင်လာရသည့်စိတ်ကြောင့် သတိလက်လွတ် လုပ်လိုက်မိသည့် ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်ရတာကြောင့် အသက်ရှူသံတွေပါပြင်းနေခဲ့သည်...။
ခဏအကြာမှ အုပ်ထားသည့် လက်ချောင်းတွေဖယ်သွားသော်လည်း မျက်လုံးကိုတော့ စုံမှိတ်ထားတာကြောင့် စိတ်ကမအေးနိုင်...။
မျက်လုံးလှလှလေးတွေသာ ထိခိုက်သွားခဲ့ပါက ကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မည်မထင်ပါ...။
“ရှောင်ဟွမ် မျက်လုံးလေးခဏဖွင့်ပါကွာ... ကိုယ် ကြည့်ရအောင်...”
အနီးနားထိတိုးကပ်သွားရင်မေးလိုက်မိသည်...။
“ဟင်...”
မျက်ခွံလွှာတွေဖွင့်လာသည့်အခါ ပုံမှန်အတိုင်းကြည်လဲ့နေသော မျက်ဝန်းလေးတွေကြောင့် ကြောင်သွားရသည်...။
မျက်ရည်မရှိသလို ထိခိုက်ထားသော မည်သည့်လက္ခဏာမျှမရှိ...။
အနည်းငယ်မှတောင် နီရဲခြင်းမရှိပေ...။
တအံ့တသြဖြင့် စမ်းစစ်နေတုန်းမှာပင်...
“မင်း...”
နွေးအိနေသောအထိအတွေ့က နှုတ်ခမ်းပါးဆီမှာ၊ အခုလေးတင်ခွံ့ကျွေးခဲ့ရသော ဘယ်ရီသီးရေခဲမုန့်၏အရသာချိုအီအီကိုလည်း ခံစားမိသည်...။
