အသိစိတ်တွေနိုးထလာသည်နှင့် ပထမဆုံးခေါင်းထဲရောက်လာသည်က ချိုမြသောအနမ်းတွေဖြစ်သည်...။
ဘေးနားမှာနှစ်ခြိုက်စွာ အိပ်ပျော်နေနိုင်သူကြောင့် သက်ပြင်းမောကိုချလိုက်မိသည်...။
အခန်းထဲကိုတောင်ကျောပိုးပြီးသယ်လာရသည့် အခြေအနေကြောင့် ညကအဖြစ်အပျက်တွေကို သူမှတ်မိမယ်မထင်ပါ...။
"ကျွတ်..."
စိတ်ပျက်သွားစရာကိစ္စမဟုတ်ကြောင်း ကိုယ့်ကိုကိုယ်သတိပေးပြီး ထထိုင်လိုက်သည်...။
"အား...ခေါင်းကိုက်လိုက်ဝာာ..."
လက်ညှိုးနှစ်ချောင်းကိုနားထင်နှစ်ဖက်ဆီမှာထောက်ထားကာ မျက်နှာတစ်ခုလုံးရှုံ့မဲ့ကာအော်ဟစ်နေလေသည်...။
"ညကတော်တော်များသွားတယ်ထင်တယ်..."
ခေါင်းသာညိတ်ပြလိုက်မိသည်...။
"အမှားလုပ်မိသေးလားဟင်..."
မဝံ့မရဲမေးလာသည့် အဖြူထည်မျက်လုံးတွေကို စိတ်ပျက်စွာကြည့်မိတော့ ရွှင်မြူးနေသည့်မျက်နှာက ပျက်သွားလေသည်...။
"တောင်းပန်ပါတယ်..."
ခေါင်းကိုငုံ့ချကာ လက်တစ်ဖက်ကစောင်ကိုလုံးချေနေသည်...။
"တောင်းပန်ရလောက်တဲ့အထိတော့ ဘာအမှားမှမလုပ်ခဲ့ပါဘူး..."
နားမလည်နိုင်သည့်မျက်လုံးတွေဖြစ်သွားသည်...။
"ဒါဆို ဘာလို့..."
မေးခွန်းတွေဆက်ထွက်မလာခင်မှာ လက်ကာပြလိုက်မိသည်...။
"ဒီနေ့မနက်ခင်း လည်ပြီးရင် ညနေဘက်ပြန်ကြမှာ လျှောက်လည်ဖို့ မင်းအဆင်ပြေလား လည်ရောလည်နိုင်ပါ့မလား..."
မျက်နှာတစ်ခုလုံးနီမြန်းမြန်းဖြစ်နေတာကြောင့်ပြောလိုက်မိတာဖြစ်သည်...။
"တစ်ခါတစ်လေမှရောက်တာကို လည်ပြီးမှပြန်ရမှာပေါ့..."
တက်ကြွသောအပြုံးလေးဖြစ်သွားပြီး ချက်ချင်းထရပ်သည်...။
"ဒီလောက်က ကော်ဖီသောက်ပြီးရင်လန်းဆန်းသွားမှာ အေးဆေး..."
ဘာမှမပြောရသေးခင်မှာ ရေချိုးခန်းထဲပြေးဝင်သွားလေသည်...။