ဟယ်ချန်းအိပ်ရာနိုးတော့မနက်လေးနာရီသာရှိသေးသည်။ပြန်အိပ်ရင်ကောင်းမလားတွေးလိုက်သေးပေမယ့် အိပ်မပျော်နိုင်မှာကိုသိနေတာမို့ မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ ဒါလ်မာတောင်ဥယျာဉ်ကိုထွက်ခဲ့လိုက်သည်။
ဟယ်ချန်းတို့အိမ်နဲ့ ဒါလ်မာတောင်ကမဝေးလှပါ။ မိနစ်အနည်းငယ်သာ လမ်းလျှောက်ရန်လိုသည်။
ဒါလ်မာတောင်ဥယျာဉ်ရဲ့အစဖြစ်တဲ့မီဟွမ်စံဘုရားကျောင်းနားကိုရောက်တာနဲ့ ဘုန်းတော်ကြီးတွေရဲ့ဝတ်ပြုသံကိုတိုးသဲ့စွာကြားရတာကြောင့် ဟယ်ချန်းစိတ်တွေကြည်လင်သွားသလိုခံစားရသည်။ဒါလ်မာတောင်ဥယျာဉ်မှာ ဘုရားကျောင်းပေါင်း တစ်ဆယ့်နှစ်ခုရှိပြီး ဥယျာဉ်အဝင်မှာရှိတဲ့ မီဟွမ်စံဘုရားကျောင်းနဲ့
ဒိုဆိုရမ်သင်္ခမ်းကျောင်းကနာမည်အကြီးဆုံးဖြစ်သည်။
အထက်တန်းတုန်းကကျောင်းကဆရာ၊ဆရာမတွေနဲ့ သူတို့အထက်တန်းကျောင်းသားတစ်သိုက် အပတ်တိုင်းတောင်လာတက်ကြတာကို ဟယ်ချန်းထင်ထင်ရှားရှားမှတ်မိနေဆဲပင်။ချွန်းဝမ်မွန်းဟုခေါ်ကြသော မီဟွမ်စံဘုရားကျောင်းကိုကျော်လွန်သွားတာနဲ့
ချူးလ်ဂါဂီလ်လို့ခေါ်တဲ့ ဥယျာဉ်ရဲ့ပထမဆုံးအပိုင်းကိုရောက်သွားပြီး လမ်းညွှန်မြေပုံနဲ့အသိပေးစာလေးတွေထည့်ထားတဲ့ သစ်သားသေတ္တာလေးတွေကို လမ်းဘေးဝဲယာမှာတွေ့ရသည်။ ဟယ်ချန်းကတော့ လမ်းကိုအလွတ်ရနေတာမို့ လမ်းညွှန်စာရွက်ကိုယူမနေတော့ဘဲ ဒီအတိုင်းသာဆက်ထွက်ခဲ့လိုက်တော့သည်။ဒါလ်မာတောင်ဥယျာဉ်ရဲ့အပိုင်းလေးပိုင်းမှာ ချူးလ်ဂါဂီလ်အပိုင်းက လမ်းလျှောက်လို့အကောင်းအဆုံးအပိုင်းဖြစ်ပြီး ၂.၇၁ကီလိုမီတာရှည်လျားသည်။ လမ်းတစ်လျှောက်မှာ အမျိုးအစားစုံလင်တဲ့သစ်ပင်တွေအများကြီးရှိပြီး လာရောက်သူတွေလမ်းမပျောက်ရအောင် လမ်းအမှတ်အသားတွေကို ဖဲကြိုးရောင်စုံတို့ဖြင့်ပြထားသည်။
ဟယ်ချန်းတို့ငယ်ငယ်တုန်းက ထိုဖဲကြိုးတွေဆီရောက်အောင် ခုန်ဆော့ကြတာကို ဟယ်ချန်းမှတ်မိနေသေးသည်။
သစ်တောထဲကထွက်ပြီး ကျောက်ခင်းလမ်းကိုကျော်သွားတာနဲ့ ချူးလ်ဂါဂီရဲ့အဆုံးသတ်နေရာဖြစ်တဲ့ လေတဝှီးဝှီးတိုက်နေတဲ့ တောင်ရိုးကျယ်ပေါ်ကိုရောက်သွားတော့သည်။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့