ကမ္ဘာကြီးက ကျယ်ချင်တဲ့အချိန်မှာ ကျယ်ပြီး၊ ကျဉ်းချင်တဲ့ အချိန်မှာကျဉ်းတယ်။
ဒီနေ့ ကျွန်မ ကမ္ဘာကျဉ်းတဲ့နေ့...မမျှော်လင့်ထားတဲ့နေရာ၊ မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်ထားတဲ့ ပုံစံနဲ့ သူ့ကိုပြန်တွေ့တယ်။
ဒီနေ့ ကျွန်မလာကြိုရမယ့် ဧည့်သည်တွေထဲ သူပါမယ်ဆိုတာ မသိခဲ့ဘူး။ သူလည်း မသိခဲ့ကြောင်းကို ခပ်ဟဟပွင့်သွားတဲ့ သူ့နှုတ်ခမ်းတွေက သက်သေခံနေတယ်...
သူ ကျွန်မအနားကို ရောက်လာပြီးမေးတယ်။ လူတိုင်းမေးလေ့ရှိတဲ့ ရိုးရိုးမေးခွန်းလေးပါပဲ။
"အဆင်ပြေလား"
ဒီမေးခွန်းကို တခြားသူတွေ မေးလာတိုင်း ကျွန်မဖြေနေကျက...
"အင်း...ပြေပါတယ်။ ဒီလိုပါပဲ..."
အသက်အရွယ်တစ်ခုကို ရောက်လာချိန်မှာ ကျွန်မ စကားတွေ အများကြီးပြောရတာကို ဝါသနာမပါတော့ဘူး။ လူတွေအကြောင်းကို မသိချင်တော့သလို၊ ကိုယ့်ရဲ့ အကြောင်းတွေကိုလည်း ရှည်ရှည်ဝေးဝေး မရှင်းပြချင်တော့ဘူး...အဲ့ဒါကြောင့် မေးခွန်းတော်တော်များများကို ဒီလိုပါပဲဆိုတဲ့စကားနဲ့ပဲ တုန့်ပြန်မိတယ်။
အခုတော့ ထူးဆန်းစွာနဲ့ သူ့ရဲ့အမေးကို ဒီလိုပါပဲနဲ့ အဆုံးမသတ်ချင်တဲ့စိတ် ရုတ်တရတ်ဖြစ်သွားမိတယ်။ ဒီလိုပါပဲနောက်မှာ ချန်ထားခဲ့တဲ့၊ ကျန်နေသေးတဲ့ စကားပေါင်းများစွာကို သူ့ဆီမှာ ဖွင့်အန်လိုက်ချင်စိတ်တွေက ကျွန်မရင်ထဲမှာ တိုးဝှေ့နေကြတယ်...
အဲ့အချိန် ခဏလေးအတွင်းမှာ ကျွန်မနှလုံးသားရဲ့ဆန္ဒနဲ့ ဦးနှောက်ရဲ့ထိန်းချုပ်မှု သူတို့နှစ်ခု အားပြိုင်ကြတယ်။ ဦးနှောက်ဟာ မလိုအပ်ဘဲ အနိုင်ရလိုက်တော့ နှုတ်ကထွက်သွားတယ်....
"ဒီလိုပါပဲ...."
ဝေးခဲ့ကြတဲ့အချိန်တွေမှာ သူ့ကို မလွမ်းခဲ့ပါဘူးလို့ပြောရင် အဲ့မုသားလောက် စစ်တဲ့မုသားရှိမယ် မထင်ဘူး။
ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာကြီးတဲ့ ကျွန်မ၊ ရန်ကုန်နဲ့မတူ တမူခြားနားတဲ့ တောင်ပေါ်မြို့လေးကို ရောက်သွားချိန်မှာတော့...ကိုယ့်မြို့ကို ပြန်ပြန်ပြီး သတိရနေတတ်တယ်။ ရီချင်စရာ ကောင်းတာက ကျွန်မဟာ ရန်ကုန်ကို လွတ်လွတ်ခါခါ သတိရတာမဟုတ်ဘဲ၊ အမြဲ သူနဲ့ယှဉ်တွဲပြီး သတိရနေတတ်တာပါပဲ။