Complicated 9
လိုင်းကားက လူအနည်းငယ်ကျပ်၍ ဘုရားလမ်းဈေးမတိုင်ခင် မင်္ဂလာတိုက်မှတ်တိုင်ကတည်းက ပြည့်လျှံ ကားတံခါးဝသို့တိုးထားရသည်။ စိတ်စောနေပုံများ ဘုရားလမ်းဈေးမှတ်တိုင်မရောက်ခင်ပင် ပြည့်လျှံတစ်ယောက် မှတ်တိုင်သို့မျှော်တကြည့်ကြည့်လုပ်မိ၏။
" ဘုရားလမ်းဈေးပါတယ် ဆရာရေ့..."
စပါယ်ယာ၏အော်သံနှင့်အတူ ပြည့်လျှံ၏နှလုံးခုန်သံများမှာလည်း စည်းချက်ညံလာရပြီး မှတ်တိုင်၌ကားထိုးရပ်သည်နှင့် သူ အမြန်ဆင်းခဲ့သည်။
ကားပေါ်မှဆင်းဆင်းချင်း လမ်းထိပ်အုတ်ခုံတွင် ထိုင်စောင့်နေသူအားတွေ့ရခိုက် ပြည့်လျှံ သွားအကုန်လုံးပေါ်အောင်ပင် ရယ်ပြလိုက်မိပြီး ခြေလှမ်းတွေကလည်း ထိုသူဆီ တန်းတန်းမတ်မတ်လျှောက်သွားမိ၏။
" ရာရာ..."
ရင်အေးစေသည့်အပြုံးနှင့်ဆီးကြိုနေသူရာရာ့အား သူခေါ်မိသည်မှာ ဝမ်းသာအားရ။ ထိုင်နေရာမှမတ်တတ်ရပ်လာသူရာရာ့ရှေ့တွင် ပြည့်လျှံ မျက်နှာချင်းဆိုင်ရပ်လိုက်စဉ် မျက်လုံးတို့ပြူးကျယ်သွားရသည် ။
ရာရာ၏လည်တိုင်ပြည့်ပြည့်လေးတွင်လည်း သူလိုမျိုး စေ့စပ်လက်စွပ်ကို ပိုကြိုးနှင့်တွဲ၍ဆွဲထားသည့် ဆွဲကြိုးတစ်ကုံးရှိနေခဲ့ပါ၏ ။ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်စိတ်နှင့် ပါးကွက်ဝိုင်းဝိုင်းကြီးနှစ်ခုလိမ်းခြယ်ထားသောရာရာ့မျက်နှာကိုတအံ့တဩကြည့်မိခိုက် သူ့မူပိုင်လေးအတိုင်း ငြိမ်အေးသည့်မျက်နှာလေးမှာ ခပ်ပြုံးပြုံးရှိ၏။
" ဆွဲကြိုးနဲ့လိုက်တယ်..."
ရာရာ့မျက်နှာလေးကို မျက်တောင်မခတ်တမ်းကြည့်ရင်းဆိုမိတော့ လက်စွပ်လေးကိုကိုင်ရင်း သွားဖြူဖြူညီညီလေးတွေပေါ်အောင်ရယ်သည်။ ရိုးစင်းသည့်မျက်ဝန်းများမှာလည်း ပျော်ရွှင်မှုတွေ မဖုံးမဖိနိုင်တာကိုမြင်ရသည့်အခါ ပြည့်လျှံရင်ထဲကိုပါ အပျော်တွေကူးစက်လာသယောင်ယောင်။
တစ်ယောက်ကိုတစ်ယောက်ဖွင့်မပြောဖြစ်သေးသည့်တိုင် တစ်ယောက်စိတ်ထဲမှာတစ်ယောက်ရှိနေကြောင်း တဖြည်းဖြည်းပိုလို့သေချာလာခြင်းတွေဟာ ရာရာနှင့်တစ်ခါတွေ့တိုင်း သူ့စိတ်နှလုံးသားထဲမှာ ပိုမိုအရာထင်လာခဲ့သည် ။
