3 [Z+U]

137 10 4
                                    

Complicated 3

မြတ်မင်းခံ့ပေးလိုက်သည်ဆိုသောရေဘူးကို  မင်းသီဟ ထိုင်ကြည့်နေမိသည်မှာ ခန့်မှန်းခြေတစ်နာရီလောက်ရှိပြီဖြစ်သည်။ စာကြည့်မည်ဟုတွေးပြီး စာကြည့်စားပွဲထိုင်လိုက်ခြင်းဖြစ်သော်လည်း လွယ်အိတ်ထဲမှစာအုပ်ထုတ်မည်အပြု  အိမ်အထိသယ်လာမိသောရေဘူးကိုမြင်သဖြင့် ကျောင်းစာအစား ရေဘူးကိုသာထိုင်ကြည့်နေမိခြင်း ။ 

သူ့စိတ်တွေရှုပ်ထွေးနေသည် ။ သူနှင့်အရာရာမှာဖက်ပြိုင်ပြီး အနိုင်ရနိုင်အောင်ကြိုးစားခဲ့သူမြတ်မင်းခံ့က  ၊ သူ့အပေါ်အနိုင်ပိုင်းနိုင်အောင် ဂျူဒိုသင်ပြီး သူ့ကိုအခါခါကိုင်ပေါက်ခဲ့သူမြတ်မင်းခံ့က ဘောလုံးမှန်သွားသည့်သူ့ခေါင်းကိုအုပ်ရန် ဘာကြောင့်များရေခဲရေဘူးပေးသလဲ ။ သူ ယောင်တောင်တောင်တွေလုပ်ပြီး ဘောလုံးမှန်တာကို ပျော်ရွှင်နေရမည့်အစား  သူအဓိပ္ပာယ်မဖော်နိုင်သည့် မျက်ဝန်းငြိမ်ငြိမ်များနှင့် ဘာကြောင့်များ စေ့စေ့ကြည့်လာသလဲ ။

အတွေးနက်တော့ ခက်သည် ။ ခက်တော့ အဖြေမရပြီ ။  စိတ်ရှုပ်ရှုပ်နှင့် လက်ချောင်းတွေကို ဆံပင်ထဲထိုးထည့်ပြီးဖွမိတော့  ဆံပင်ပွတာသာအဖက်တင်သည် ။

ဖျတ်ခနဲမြင်ယောင်သွားမိသည့် အညိုရင့်ရင့်မျက်ဝန်းငြိမ်ငြိမ်မှာ မင်းသီဟရင်ထဲ ထိတ်ခနဲဖြစ်သွားပြန်၏ ။ ဘာအရိပ်အယောင်မှဖမ်းမရသည့်  ပကတိတည်တံ့သောမျက်နှာထားကို မင်းသီဟ သဘောမကျ။ ကန်ရေပြင်လိုငြိမ်သက်သောမျက်ဝန်းညိုများကို မနှစ်မြို့ပါ ။  စိတ်ဒုက္ခပေးလွန်းသဖြင့် မြတ်မင်းခံ့ဟူသောအမည်နာမကို မင်းသီဟ  ကြားပင်မကြားချင်တော့ပေ ။

~~~~~

" မြတ်မင်းခံ့..."

စာသင်ခန်းထဲငိုင်နေသည့်မင်းသီဟ ခါးမတ်ပြီး ခေါင်းထောင်မိသွားသည် ။ မရည်ရွယ်ပါဘဲ တစ်နေရာသို့လှမ်းကြည့်မိတော့ လူကိုမတွေ့ရပါ ။

" မြတ်မင်းခံ့က... ဪ  မေ့လို့ သူ့အမေ မနက်ကခွင့်လှမ်းတိုင်ထားတာပဲ "

ဘာဖြစ်လို့များလဲဟူသည့်အတွေးက မင်းသီဟခေါင်းထဲအရင်ရောက်လာသည် ။ ထို့နောက် မနှစ်မြို့စရာကောင်းသည့်ခံစားချက်က သူ့ရင်ထဲရောက်လာ၏။

99 Onde histórias criam vida. Descubra agora