Complicated 8
" အခုက ကလေးတွေကလည်းငယ်သေးတာမို့ လူကြီးချင်းစကားပြောရုံဆိုပေမဲ့ ကျွန်မဘက်ကတော့ ရာရာ့နာမည်နဲ့ ခြံတစ်ခြံ ၊ ပြီးတော့ တင်တောင်းငွေ သိန်း ၅၀၀ နဲ့ ကနဦးလက်ဖွဲ့ထားချင်တယ်။ ပြီးတော့ ဒီမှာ ကလေးနှစ်ယောက်အတွက် စေ့စပ်လက်စွပ်ကလေးလည်း စီစဉ်လာတယ်။ ငယ်သေးတာမို့ ဝတ်တော့မဝတ်စေချင်သေးဘူး ။ အသက်ပြည့်မှ တစ်မျိုးပေါ့လေ။ "
ဘွားဘွားထံမှ စေ့စပ်လက်စွပ်ဟူသောစကားကိုကြားရပြီး မမသစ္စာကမ်းပေးသည့် လက်စွပ်ဘူးကလေးကိုမြင်ရချိန် ပြည့်လျှံတစ်ယောက် မျက်နှာနွေးတက်လာသည်။ ဘေးနားမှရာရာ့ကို ကြောင်ကြောင်အမ်းအမ်းကြည့်မိသော် ခပ်အေးအေးသာပြုံးပြလာပြန်သဖြင့် သူ့မှာ ပို၍မျက်နှာပူရ၏။
" စိတ်လှုပ်ရှားနေလို့လား "
အသံဩဩက သူ့နားထဲမှာ ခပ်ရှရှ။ ပြည့်လျှံက အနေရခက်သည့်တိုင် သူက အနေရမခက်ဘူးလားမသိပါ။စိတ်ထဲဘာမှမရှိသလို တစ်ချိန်လုံးပြုံးပြနေသည့်အပြင် စကားပြောပုံဆိုပုံကလည်း သိပ်ရင်းနှီးနေကြသူတွေလို။ တစ်ကြိမ်မှမဆုံဖူး၍ လျှံ့ဘက်မှ ပြောစရာစကားများပျောက်ရှပြီး ဘေးချင်းကပ်ထိုင်နေရသည့်အတွက် ရေဆာသလိုလို ဗိုက်ဆာချင်သလိုလိုဖြစ်နေရသည့်တိုင် တစ်ဖက်လူကတော့ဖြင့် တည်ငြိမ်လှသည်။
" မဟုတ်ပါဘူး။ "
" မျက်နှာတွေရဲနေပြီ "
" အဲဒါကပူလို့လေ "
" အနေရမခက်ပါနဲ့ အချင်းချင်းတွေပဲဟာ "
နှစ်သိမ့်သည့်သဘောနှင့်ဆိုရင်း ယပ်တောင်ခတ်ပေးလာသူကို ပြည့်လျှံ ငေးခနဲဖြစ်သွားရပြန်သည်။ ထို့အပြင် သည်တစ်ခေါက်ပြုံးပြသည့်အပြုံးမှာလည်း ပြည့်လျှံ့ကိုစိတ်သက်သာရာရစေချင်သည့်ဆန္ဒများပါနေသယောင်ယောင်။ အကြည့်ချင်းမသိမသာဆုံနေရင်းမှ ကျောပြင်လေးကိုခပ်ဖွဖွတစ်ချက်ပုတ်ပေးလာခိုက်မှာ သူ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။
ပြည့်လျှံ ကံကောင်းသည်ထင်ပါ၏။ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသလို နာမည်ကိုတောင်မသိသူနှင့် ငယ်ငယ်ရွယ်ရွယ်စေ့စပ်ကြောင်းလမ်းရသော်လည်း တစ်ဖက်လူမှာ ဖော်ရွေပျူငှာပြီး စိတ်သဘောထားပြည့်လို့ ချိုသာသူဖြစ်နေခဲ့သည်။ အချင်းချင်းမသိကြသည့် ရွယ်တူတွေဖြစ်သည့်တိုင် သူ့ကိုစိတ်သက်သာရာရစေရန် တတ်နိုင်သလောက် နှစ်သိမ့်နေခဲ့၏။ ပြည့်လျှံ့ကို လိုက်လျောညီထွေဆက်ဆံပေးသည်။ ပြည့်လျှံသည်လည်း သူ့အပြုအမူနှင့်အပြုံးခပ်နွေးနွေးများကြောင့် တဖြည်းဖြည်းစိတ်သက်သာရာရလာခဲ့ပါသည်။
