Complicated 15
သည်အတောအတွင်း မြတ်မင်းခံ့နှင့်ပတ်သက်လို့ မင်းသီဟ မေ့မေ့ပျောက်ပျောက်နေနိုင်အောင်ကြိုးစားခဲ့ပြီး မျှော်လင့်ထားသလောက်အလုပ်မဖြစ်သော်လည်း အနည်းငယ်တော့ အဆင်ပြေခဲ့ပါသည်။ မပြေလို့လည်းမရပါ။ ဆယ်တန်းစာမေးပွဲက သိပ်နီးနေပြီမဟုတ်လား။
မြတ်မင်းခံ့နှင့်သက်ဆိုင်နေသည့်သူ့ရှုပ်ထွေးမှုတွေကို ဤမျှလောက်နှင့်ရပ်တန့်ထားသင့်ပြီး ခံ့ကိုလည်း သွားမရှုပ်သင့်တော့ဘူးဟု သူယူဆခဲ့သည်။ ပြန်တွေးကြည့်ပါလျှင် သူဟာ ခံ့အပေါ် တမင်ရန်ဆောင်ခဲ့ပြီး ရှုပ်ခဲ့တာချည်းသာ။
မူကြိုတုန်းက ခုံအပြာကိုလုမိသဖြင့် ခံ့က သူ့ကိုမကျေမချမ်းနှင့်တစ်ချက်အရကန်သွားသည့်အချိန်မှစ၍ သူ့အပေါ်အမြင်မကြည်ဖြစ်နေခဲ့ပြီး သူကတော့ ရည်ရွယ်ချက်ရှိရှိဆက်လက်နှောင့်ယှက်ခဲ့သည် ။ ခံ့ကတော့ သူ့ကို မပြေနိုင်သောအမုန်းနှင့်မုန်းသွားခဲ့ပါ၏။
အရင်တုန်းက သူရန်စ၍ ခံ့စိတ်ဆိုးမာန်ဆိုးနှင့်တုံ့ပြန်ပြီး ဒေါသအရှိန်ကြောင့် မျက်နှာတွေပါရဲတက်လာလျှင် မင်းသီဟ သိပ်အားရသည်။ ယခုအခါ ထိုသို့မဟုတ်တော့ပြီ။ ခံ့က စကားပြတ်ပြတ်ပြောလျှင် သူ့ရင်မှာဝမ်းနည်းသလိုလိုနှင့် မသိကြသည့်လူတွေလို မမြင်ချင်ယောင်များဆောင်သွားလျှင်လည်း အစာမကြေသလိုခံစားရ၏။သို့သော် ပြည့်လျှံပြောသလို ' မြတ်မင်းဘက်ကကြည့်ရင် မင်းကိုကြည့်မရတာ ရန်ဆောင်တာ စကားမပြောချင်တာ မြင်ပြင်းကတ်တာ မလွန်ဘူး ' ဆိုသည့်စကားကမှန်နေ၍ မင်းသီဟမှာ ခြေလှမ်းနောက်ဆုတ်ထားပြီး ခံ့ကိုလွှတ်ပေးထားရုံသာတတ်နိုင်သည်။ အဖြေလည်းရှာမရသည့်ပုစ္ဆာဖြစ်၍ မင်းသီဟ သည်အတိုင်းလေး ငြိမ်သက်နေခဲ့မိပါသည်။
~~~~~
နက်ကတိုင်စည်းပြီးနောက် မင်းသီဟ ပုံကျနေပြီးသားဆံပင်များထဲ လက်ချောင်းများထည့်၍ သပ်တင်လိုက်သည့်အခါ နဖူးပေါ်သို့ ဆံစတချို့က ပြန်ကျလာ၏။ အင်္ကျီလက်ကြယ်သီးနှင့် ယူနီဖောင်းသပ်ရပ်ရဲ့လားဆိုတာ တစ်ချက်စစ်ပြီးနောက် သူ လွယ်အိတ်ကိုပခုံးတစ်ဖက်မှာလွယ်၍ အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
