Complicated 14
" လာပါ စိတ်ပြေလက်ပျောက်သီချင်းဆိုရအောင် "
ကြည်သာ၏တက်ကြွနေသည့်အသံလေးနှင့်အတူ သူ့ခန္ဓာကိုယ်ပါ လေထဲမြောက်တက်သွားသည် ။
" အား... အောက်ချပေး.... ဟေ့ကောင်တွေ "
စိတ်ရှုပ်ထွေးမှုများစွာနှင့် အိပ်ရာထဲခွေနေသည့်သူ့ကို ပြည့်လျှံတို့လေးယောက်က အိမ်အောက်ထပ်အထိ အတင်းဆွဲမသွားသဖြင့် မင်းသီဟတစ်ယောက် အော်ရင်းဟစ်ရင်းပါသွား၏။ ဖြေပြီးခဲ့သည့်စာမေးပွဲမှာ ရလဒ်ကောင်းခဲ့သည့်တိုင် မရွှင်မလန်းရှိနေသောသူ့ကြောင့် အမေကတောင် စိတ်ဆိုးနေရာမှ သူ့ကို့ပြန်ချော့မော့ရသည်အထိ။ သူ့ကိုယ်သူ ဘာဖြစ်နေမှန်းသေချာမသိသော်လည်း သူ သည်လိုရွှင်ပျမနေခြင်းဟာ မြတ်မင်းခံ့ကြောင့်ဆိုတာတော့ သေချာသည် ။
သူ့သူငယ်ချင်းများနှင့် မိသားစုကတော့ စာမေးပွဲနီးလို့ စိတ်ပူပန်နေခြင်းဟုသာ ထင်နေကြ၏။ သူက စာမေးပွဲနှင့်ပတ်သက်လျှင် ဘယ်သောအခါမှ စိတ်ပူပန်တတ်တာမဟုတ်။
" ချပေးပါတော့ကွာ...."
" အိမ်ရှေ့အထိ မသွားမယ်လေ... "
" အေးလေ မင်းက အားမှမရှိတာ "
ပြည့်လျှံနှင့်ကြည်သာက အတိုင်အဖောက်ညီညီဆိုရင်း လေးယောက်သား သူ့ကို အိမ်ရှေ့ပိတောက်ပင်ရိပ်အောက်ရှိ patio အထိမသွားသည်အား မေမေကလည်း ပြုံးပြုံးကြီးကြည့်နေသည် ။ ဆူဆူညံညံကြား၍ အခန်းထဲမှထွက်လာသည့်ကိုကြီးကလည်း သဘောတကျနှင့် တဟားဟားအော်ရယ်၏။
ဘုန်း!
patio ရှိ ဆိုဖာပေါ် အားနှင့်ပစ်ချခံလိုက်ရသဖြင့် မင်းသီဟ အင့်ခနဲ။ ငုတ်တုတ်ထထိုင်လိုက်သည့်အခါ စားပွဲပေါ်တွင် စားသောက်ဖွယ်ရာများစွာကို အရင်ဆုံးတွေ့လိုက်ရသည်။
သူ့ကိုလာမခေါ်ခင်ကြိုတင်ပြင်ဆင်ထားပုံရသည့် ပြည့်လျှံတို့လေးယောက်က ဆိုဖာပေါ်တွင် အသီးသီးနေရာယူပြီး ခရစ်စ်က ဂီတာပါအသံစမ်းနေပြီဖြစ်သည် ။ သူ့သူငယ်ချင်းတွေရောက်လာပြီး ပြင်ဆင်နေသည်ကိုမသိတဲ့အထိ သူစိတ်တွေပျံ့လွင့်နေတာကိုသိရတော့ ငိုချင်လာ၏ ။
