Complicated 7
ထောက်ကြန့်မှမှော်ဘီအထိစီးရသည့် ဘတ်စ်ကားပေါ်မှာ ပြည့်လျှံ သိပ်ပျော်နေသည် ။ မှတ်တိုင်တစ်ခုကိုကျော်လာလေလေ ရာရာနှင့်တွေ့ဖို့ ခြေတစ်လှမ်းပိုနီးလာပြီဆိုသည့်အသိက ပြည့်လျှံရင်ကို တသိမ့်သိမ့်ဖြစ်စေ၏။
ပြီးခဲ့သည့်နှစ် ဘုရားပွဲကိုသွားလည်ပြီးနောက် ပြည့်လျှံ ကိုယ့်သဘောနှင့်ကိုယ် စေ့စပ်လက်စွပ်ကို လည်ပင်း၌ဆွဲထားချင်ခဲ့ခြင်းဟာ ရာရာက သူ့ရင်ထဲနေရာယူလာခဲ့သည့်သက်သေပင်။ လည်ပင်းမှာဆွဲကြိုးအဖြစ်ဆွဲထားသည့်စေ့စပ်လက်စွပ်လေးကို သူတစ်ခါကိုင်ကြည့်မိချိန်တိုင်း ရာရာက သူ့ရင်ထဲနယ်ချဲ့လာခဲ့ခြင်းတွေ။
သီတင်းကျွတ် အဘွားဆီသွားလည်တုန်းက သူ့လည်ပင်းရှိလက်စွပ်လေးကိုမြင်သွားသည့်ရာရာ့မျက်ဝန်းတွေဟာ ဘယ်လောက်တောင်အံ့အားသင့်နေခဲ့သလဲ။ ဘာတစ်ခွန်းမှမဆိုသလို သူသိပ်ဖြေချင်သည့်မေးခွန်းကိုပါ ရာရာက မပြောခဲ့ ၊ မမေးခဲ့သော်လည်း ရာရာ့မျက်ဝန်းထဲကကျေနပ်သဘောကျမှုကလေးကို ပြည့်လျှံ မြင်နိုင်ခဲ့ပါသည်။
မျက်ဝန်းတွေက သိပ်ရိုးစင်းသလို ၊ အသွင်အပြင်နှင့်စိတ်သဘောထားမှအစ ရိုးရှင်းသည့်ရာရာက စတွေ့ကတည်းက သူ့ကိုစိုးမိုးထားနိုင်ခဲ့တာဖြစ်သည်။
နာရီဝက်ကျော်ကျော်စီးရသည့်ဘတ်စ်ကားပေါ်မှာ ပြည့်လျှံရဲ့အတွေးတွေက ရာရာနှင့်စတွေ့ချိန် လွန်ခဲ့သည့်တစ်နှစ်ဆီသို့ .....
~~~~~
ပြည်လမ်းမပေါ် တငြိမ့်ငြိမ့်မောင်းနှင်လာသည့် ပြောင်ပြောင်လက်လက်ကားအနက်ရောင်လေးသည် မှော်ဘီမြို့တစ်လျှောက် ခပ်ဖြည်းဖြည်းမောင်းလာခဲ့ပြီး ကျိုက်ဒေးဒလွန်စေတီတော်ဟုရေးထိုးထားသည်မုခ်ဦးဝရှိရာလမ်းထဲသို့ ချိုးဝင်လိုက်၏။ လမ်းသွယ်ထဲ ခပ်ဖြည်းဖြည်းမောင်းနှင်လာသည့်နောက် ငြိမ့်ခနဲရပ်သွားခြင်းနှင့်အတူ တီ တီ ဟူသောဟွန်းသံအားကြားရခိုက်တွင် ပတ်ဝန်းကျင်ကိုငေးမောနေသူလျှံသည်လည်း ကားရှေ့သို့ကြည့်လိုက်မိသည်။
လမ်းအလယ်တွင်ကစားနေပုံရသည့်ကလေးတစ်သိုက်က ကစားရာပစ္စည်းများကိုအလျင်အမြန်ကောက်ယူပြီး လမ်းဘေးသို့ကပ်ပေးကြ၏။ သူတို့ကားကိုမျက်တောင်မခတ်တမ်းငေးပြီး လမ်းဘေးတွင်တန်းစီရပ်နေကြသော ထိုကလေးအုပ်စုတွင် တချို့မှာ သားရေကွင်းများကိုကြိုးသဖွယ်ကျစ်၍ကိုင်ထားကြပြီး တချို့မှာ လက်ကောက်ဝတ်တွင် သားရေကွင်းများကိုပတ်ထားကြသည် ။ ထို့အပြင် ပိုက်ဆံခေါက်ကလေးများကို လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားကြသေး၏။