Complicated 16" သား သွားတော့မယ် ပါပါး "
ပါပါး၏ရုံးခန်းတံခါးကိုအသာဟပြီး ခေါင်းလေးသာဝင်လို့နှုတ်ဆက်လိုက်သည့်အခါ ပါပါးက သူရှိရာသို့ ချက်ချင်းကြည့်လာပါ၏။
" အေး အေး သားလေး... ပါပါး ညနေရုံးဆင်းတာနဲ့လိုက်ခဲ့မယ်နော် "
" ဟုတ်ကဲ့ ပါပါး တာ့တာ..."
ရှိုင်းထက် တာတာ့ပြသည့်အခါ တာ့တာပြန်ပြသည့်ပါပါးက အလုပ်တွေများလွန်းသည့်ကြားမှ သူ စာမေးပွဲဖြေစဉ်အတွင်းနေမည့်အိမ်မှာ ညအိပ်လိုက်နေပေးဦးမှာပင်။ ဆယ်တန်းစာမေးပွဲကာလအတွင်း အလုပ်တွေကို အတွင်းရေးမှူးနှင့်သာအပ်ထားမည့်ပါပါးက မိတဆိုးလေးသူ့အပေါ် ပြည့်ပြည့်စုံစုံထားနိုင်အောင်ကြိုးစားသလို မေတ္တာလည်းမငတ်စေရ။
လိုအပ်သည့်စာအုပ်များနှင့်စာရေးကိရိယာများသာထည့်ထားသည့် ကျောပိုးအိတ်ကိုလွယ်၍ ရှိုင်းထက် အိမ်ထဲမှထွက်ခဲ့သည့်နောက် ခရစ်စ်က ခြံအပြင်တွင် ဆိုင်ကယ်ပေါ်ခွလျက်သားဖြင့် စောင့်နေ၏။
" သီဟတို့က ဘယ်လိုလာမှာလဲ "
" အစ်ကိုသူရလိုက်ပို့မယ်တဲ့..."
ဆိုင်ကယ်ပေါ်ခါးမတ်မတ်ထိုင်နေသည့်ခရစ်စ်က သူ့ဆီသို့ ဆိုင်ကယ်ဦးထုပ်ကမ်းပေးရင်းဖြေလာသည့်အခါ ရှိုင်းထက် ဆိုင်ကယ်ဦးထုပ်ကိုသေချာဆောင်းလိုက်ပြီးမှ ဆိုင်ကယ်ပေါ်ခွတက်လိုက်သည်။ လွယ်အိတ်ကို အရှေ့သို့ပြောင်းလွယ်လိုက်သည့်ခရစ်စ်က ဆိုင်ကယ်ဦးထုပ် သေချာဆောင်းပြီးမှ ဆိုင်ကယ်စက်နှိုး၏။
ရှိုင်းထက်က လူတိုင်း၏ဆိုင်ကယ်နောက်ကိုလိုက်မစီးတတ်သော်လည်း ၉ တန်းကတည်းက CBR ကို စီးတော်ယာဉ်လိုသုံးလာသည့်ခရစ်စ်နောက်ကိုတော့ စိတ်ချလက်ချလိုက်စီးတတ်ပါသည်။
" သေချာဖက်ထား..."
" အင်း..."
သူ့ဆီမှအဖြေစကားပြန်ရပြီး ခါးတစ်ဝိုက်ကိုအဖက်ခံလိုက်ရသည်နှင့် ခရစ်စ်က မြေပေါ်ထောက်ထားသည့်ခြေထောက်အားလွှတ်လိုက်ပြီး ဆိုင်ကယ်မောင်းထွက်သည်။ လမ်းကြားထဲ၌
အရှိန်လျှော့၍ခပ်ဖြည်းဖြည်းမောင်းလာသည့်ခရစ်စ်ဟာ ပြည်လမ်းမကြီးထက်ရောက်သည့်အခါမှာတော့ ပုံမှန်အရှိန်နှင့် ဆိုင်ကယ်ကိုကျွမ်းကျွမ်းကျင်ကျင်မောင်း၏။
