Complicated 10
" ရာရာတို့လမ်းလေးက သာသာယာယာလေးနော် "
သက်တမ်းရင့်ကုက္ကိုပင်အတော်များများ အုပ်မိုးထားသည့် ဘုရားလမ်း၏လမ်းလေးတစ်လျှောက်,လျှောက်လာရင်း ပြည့်လျှံဆိုမိသည့်အခါ ရာရာကပြုံးသည်။ ကွန်ကရစ်ခင်းထားသည့်လမ်းပေါ် ရာရာနှင့်ဘေးချင်းယှဉ်လျှောက်လာပြီး ကုန်းထိပ်မှအဆင်း လမ်းတစ်ဘက်တွင် မြင့်မားလှသည့်ထန်းပင်များရှိသည်ကိုလည်း ပြည့်လျှံသတိပြုမိသည်။
" ငါတို့ရွာလေးက လမ်း ၊ ရွာတစ်ခုရဲ့ ကြန်အင်လက္ခဏာနဲ့ပြည့်စုံတယ် လျှံ "
လမ်းလျှောက်ရင်းနှင့် လှေကားများဆင်ထားသောထန်းပင်မြင့်မြင့်များကို မော့ကြည့်နေမိသည့်ပြည့်လျှံတစ်ယောက် ရာရာ့ဆီသို့ အာရုံပြန်ရောက်သွားသည် ။ သူငယ်ချင်းတွေက ဘုရားလမ်းကို ရွာဟုသုံးနှုန်းတုန်းက ပြည့်လျှံရန်ဆောင်ချင်ခဲ့သမျှ ဘုရားလမ်းသားလေးက ရွာဟုသုံးနှုန်းလာသောအခါ သဘောကျစိတ်နှင့် ပြုံးမိသည်။
" လမ်းထိပ်မှာ မနက်ခင်းဈေးလေးရှိတယ် ။ ဟော ဇရပ်လည်းရှိတယ် ။ လျှံတွေ့မှာပေါ့ ဈေးအဆုံးက သစ်သားအိမ်လေးလေ ။ အဲဒါ ဟိုးတုန်းက ဇရပ်ပေါ့ ။ နောက်ပိုင်း ပြန်ပြင်ဆောက်ပြီးတော့ ငါတို့ငယ်ငယ်တုန်းကဆို ဆေးခန်းလေးအဖြစ်လည်းသုံးတယ် ။ "
ရာရာက စကားခဏရပ်သော်လည်း ပြည့်လျှံအာရုံများက လွင့်ပြယ်မသွားဘဲ ရာရာထပ်ပြောမည့်စကားများကိုသာ နားစွင့်နေမိသည် ။
" အဲဒီဇရပ်ရှေ့က အုတ်ကန်လည်းတွေ့မှာပေါ့ ။ အဲဒီနေရာမှာ အရင်တုန်းက ရေတုံငင်ရှိတယ် ။ ငါတို့ဘုရားလမ်းက ဟိုးတုန်းကရေရှားတယ် လျှံရဲ့ ။ ဟိုးလယ်ကွင်းထဲက စမ်းတွင်းလို့ခေါ်တဲ့ရေတွင်းမှာ ရေသွားချိုးရင်ချိုး မဟုတ်ရင် ရေထမ်းသယ် ။ လမ်းထိပ်က ရေတုံငင်မှာလည်း အဲဒီလိုသွားသွားပြီး ရေထမ်းရတာ။ နောက်ပိုင်း ဘွားဆန်းက ရေတူးပေးတယ် ။ ဒီလမ်းထဲကဘယ်လိုမှတူးမရတော့ အဲဒီလမ်းထိပ်မှာတူးရတာနဲ့ပဲ အဲဒီကနေစက်နဲ့ရေမောင်းတင်ပြီး တစ်ရွာလုံးကိုရေပေးထားတာ..."
