Complicated 12
မင်းသီဟ အခုတလောထူးဆန်းနေတာကို မြတ်မင်းခံ့သတိထားမိသည်။ အမှန်အတိုင်းပြောရပါလျှင် ဘတ်စ်ကတ်ဘောကစားပွဲတွေမတိုင်ခင် သဒ္ဓါနှင့်မင်းသီဟ တွဲနေကြကတည်းကဖြစ်၏။
သူ့ကို အရင်လို မထိတထိနှင့်ရန်မစတော့သလို အတန်းထဲမှာလည်းစာလုမဖြေတော့သည့်မင်းသီဟ။
လမ်းမှာမျက်နှာချင်းဆိုင်မိတော့မည်ဆိုလျှင် တစ်နေရာရာမှာဝင်ပုန်းတတ်ပြီး ၊ ပုန်းစရာနေရာမရှိတော့ဘူးဆိုလျှင် မြတ်မင်းခံ့ကိုဦးစားပေးတတ်သည့်မင်းသီဟက သူ့ကိုယ်သူတော့ပိရိတယ်ဟုထင်နေပုံရပါသည်။အရင်ကဆို နှစ်ယောက်မျက်နှာချင်းဆိုင်သည်နှင့် ဘေးလူတွေကကြိုတင်ပြီးဝေးဝေးရှောင်ရတဲ့အထိဖြစ်ခဲ့သည့်သူတို့နှစ်ယောက်က အခုတော့ တစ်ယောက်ကိုတစ်ယောက်ရှောင်နေသဖြင့် ဘေးနားမှလူတွေလည်း တစ်မျိုးလန့်နေလောက်ဦးမည် ။ နဂိုကတည်းက ဆယ်တန်းစာမေးပွဲနီးပြီဖြစ်၍ မြတ်မင်းခံ့တစ်ယောက် မင်းသီဟနှင့်စကားနည်းရန်ဆဲဖြစ်အောင် ရှောင်နေရန်ကြိုးစားခဲ့ပါသည် ။ မင်းသီဟ သူ့ကိုအလျှော့ပေးသလိုတွေမပြုမူခင်ကတည်းက တစ်ဘဝလုံးမင်းသီဟနှင့်ရန်ဖြစ်လာရတာကိုစိတ်ပျက်လွန်း၍ မြတ်မင်းခံ့ ကိုယ့်ဘာသာအေးအေးဆေးဆေး ကင်းကင်းရှင်းရှင်းနေရန် စဉ်းစားခဲ့ခြင်းဖြစ်၏။
သို့သော် ယခု မင်းသီဟ၏လုပ်ပုံတွေက သိပ်မဟုတ်ပါ။ အားကစားရုံထဲမှာ သူ့ကိုတွေတွေကြီးကြည့်နေသည့်အကြည့်များမှစလို့ ပြည့်လျှံနှင့်ပြန်ပေးလိုက်သည့်စာအုပ်များကို သူ့အား ကိုယ်တိုင်ပြန်ပေးခိုင်းသည်အထိ ။ အရင်နေ့က သူ့ကိုစနောက်သည့်ပေါက်လွှတ်ပဲစားသုံးကောင်နှင့်ရန်ပွဲတွင် ဝင်ပါချင်သည်မှအဆုံး.... မြတ်မင်းခံ့အတွက်တော့ ထူးဆန်းနေသည်။
မင်းသီဟဆိုတာ သူ့ကိုစိတ်ရောကိုယ်ပါနှောင့်ယှက်နေရမှနေသာထိုင်သာရှိသူဖြစ်ပြီး ယခုလို အပြောအဆို၊ အပြုအမူတွေပြောင်းလဲလာခြင်းဟာလည်း မြတ်မင်းခံ့ကို စိတ်ဒုက္ခအတော်ပေးနေသည်။
သည်ကမ္ဘာမှာ မင်းသီဟလောက် သူ့ကို စိတ်ဒုက္ခပေးနိုင်မည့်သူလည်းရှိမည်မထင်ပါ။ အလျှော့ပေးခံရခြင်းအား မနှစ်မြို့သည့်သူက မင်းသီဟ သူ့ကိုအလျှော့ပေးသလိုပြူမူနေခြင်းအပေါ် ဘယ်လိုမှသဘောကျမနေပေ။
