Book 34 Chapter 479

39 4 0
                                    

Uni

အခန်း (၄၇၉) ရှင်သန်ဖို့အတွက် အန္တရယ်ထဲဆင်းသက်ရမယ်


ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးထားသည်။

အရှေ့တက်နေဝန်းအရှင်၏ အသွင်အပြင်က ထူးဆန်းသောမျက်လုံးများမှလွဲပြီး အခြားပြောင်းလဲခြင်း မရှိသော်လည်း စိတ်နေစိတ်ထားကတော့ လုံးဝကွဲပြားသွားပေပြီ။

"နတ်ဆိုးက ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ချိုးဖျက်လိုက်တာလား"

ရန်ကျောက်ကဲ တွေးလိုက်သည်။

"မဟုတ်သေးပါဘူး..."

အောက်ဘက်သို့ကြည့်လိုက်တော့ ချောက်နက်ထဲမှ အနက်ရောင်အခိုးအငွေ့များက ရွှေရောင်အလင်းတန်းများကို အဆက်မပြတ်တိုက်ခိုက်လျှက် ချိတ်ပိတ်ထားသည့်စည်းတံဆိပ်ကို ဖျက်ဆီးရန် ကြိုးစားနေဆဲ ဖြစ်၏။

သူတို့ရှေ့တွင်ရှိနေသော "အရှေ့တက်နေဝန်းအရှင်" က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားဟန်ရှိသော်လည်း အောက်ဘက်ရှိချောက်နက်ထဲမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများဖြင့် နှိုင်းယှည်ပါက အလှမ်းဝေးနေဆဲ ဖြစ်သည်။

"ဒါက လှုပ်ခါနေတဲ့စည်းတံဆိပ်ထဲကနေ အခွင့်အရေးအသုံးချပြီးထွက်လာတဲ့ နတ်ဆိုးဝိညာဉ်ပဲ ၊ သူက 'အရှေ့တက်နေဝန်းအရှင်' ကို ဝင်ပူးပြီး သူ့ရဲ့ ကိုယ်ပွားလုပ်ထားတာပဲ"

ရန်ကျောက်ကဲ တွေးလိုက်သည်။

ဝင်ပူးထားသောကိုယ်ပွားတစ်ယောက်သာဖြစ်သော်လည်း အလွန်တရာကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသည်ပင်။

စောစောက သူ့အနားတွင်ရှိနေသော ကောင်းကင်မိုးကြိုးခန်းမမှ အမဝိညာဉ်အဆင့်သိုင်းဆရာသခင်အား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် တိုက်ခိုက်ခဲ့သည် မဟုတ်လား။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုလေ့လာလိုက်တော့ အနက်ရောင်အခိုးအငွေ့များထဲတွင် အသံမရှိ ၊ သဏ္ဌန်မရှိသော နတ်ဆိုးစွမ်းအား နစ်မြုပ်နေဆဲဖြစ်ကြောင်း တွေ့ရသည်။ တိုက်ပွဲဝင်နေသည့် သိုင်းကျင့်ကြံသူများအားလုံး၏မျက်နှာများက တည်ကြည်လေးနက်နေပြီး သူတို့အားလုံး ကြီးမားသည့်ဖိအားကို ရင်ဆိုင်နေရကာ မျက်ဝန်းများက တုန်လှုပ်နေကြသည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now