Rosie က ပါးစပ်ထဲ လျှာဖြင့် ချိုချဉ်တုံးကို ပါးစောင် တစ်ဖက်ခြမ်းသို့ တွန်းပို့လိုက်၏။ သူမ၏ ကျီးကန်းကဲ့သို့ နက်မှောင်သော မျက်လုံးနှစ်စုံမှာ ယန့်ဆွေကျီးဘက်သို့ နှစ်ကြိမ်မျှ မျက်တောင်ခတ်လာခဲ့သည်။ သူမက တီးတိုးမေးလေသည်။
“ ဦးဦး ဘာလုပ်နေတာလဲ?”
ယန့်ဆွေကျီးက သူမအသံထက်ပို ပိုတိုးသော အသံဖြင့် “ ဦးဦးမျက်နှာ နာနေလို့။”
ရိုစီက မျက်လုံးတွေကွေးညွတ်လာကာ ပျော်ပျော်ရွှင်ရွှင်ရယ်မောလာ၏။
ယန့်ဆွေကျီး “…” အော် နတ်သမီးလေရယ်…
နတ်သမီးလေးရိုစီ၏ သဘောသကျရယ်သံက တစ်ယောက်သောသူ၏ အာရုံကိုလည်း ဆွဲဆောင်လိုက်နိုင်၏။
ယန့်ဆွေကျီးက မျက်နှာတစ်ဝက်ကာထားလျက် ပြစ်သစ်မှန်ပြတင်းဘက်သို့ မျက်နှာကို မူလိုက်သည့်အခါ ဘေးမှနေ၍ ကုယန်အသံက ထွက်ပေါ်လာခဲ့သည်။ “ မင်းမျက်နှာကို အဲလို ကာထားရင် ငါမမြင်နိုင်တော့ဘူးလို့ ထင်တယ်ပေါ့?”
အလုပ်ဖြစ်တာလည်း ဖြစ်နိုင်တာပဲလေ။
ယန့်ဆွေကျီးမျက်နှာမှာ အမူအရာမျိုးစုံ ဖြတ်ပြေးသွားလေသည်။ နောက်ဆုံးအမူအရာကတော့ အသာချောင်းဟန့်လိုက်ကာ လက်ကို ပြန်ချလိုက်တာဖြစ်သည်။
ရိုစီက ဘယ်သူမှ မခိုင်းပေမဲ့ အတွင်းပိုင်းသို့ ပိုတိုးကပ်သွားလျက် ဆိုဖာပေါ် နေရာလွတ်တစ်ဝက်ကျော်စာ ချန်ထားပေး၏။ ထိုကောင်မလေးက သူစိမ်းတွေကို ကြောက်တတ်သည်။ သို့သော်လည်း ချောကလက်ကိစ္စနှင့် လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး နီးနီးကပ်ကပ်နေခဲ့သည့်အတွက်ကြောင့် သူမက သူတို့နှစ်ယောက်အပေါ် သိသိသာသာပင် ပိုနွေးထွေးလာခဲ့ပြီဖြစ်ပြီး သူတို့နှစ်ယောက်ကို မိတ်ဆွေအနေနှင့်ပင် သတ်မှတ်လိုက်ဟန်ပေါ်သည်။
“ ကျေးဇူးပါ။” ရှေ့နေကုက ကလေးမလေးအပေါ်တွင်တော့ အလွန်ယဉ်ကျေး၏။
သူက ဆိုဖာပေါ်ထိုင်ကာ ယန့်ဆွေကျီးဘက် အကြည့်ကို ပို့လိုက်သည်။ သူ၏ အသံက လှောင်သံနဲ့နဲ့ဖြင့် “ ဟိုတယ်မှာပဲ အငြိမ်ထိုင်နေပြီး ဖိုင်ပို့လာဖို့ကို စောင့်နေမယ် ဟုတ်လား? ဒီမှာ ညအိပ်ဖို့ရော စီစဉ်ထားတာမဟုတ်ဘူးပေါ့?”
YOU ARE READING
အထက်တန်း ရှေ့နေ ( ဘာသာပြန် )
Science FictionMaze university ရဲ့ ဥပဒေကျောင်းက မဟာဌာနမှူး တစ်ယောက်ဖြစ်တဲ့ ငယ်ရွယ်ပြီး အောင်မြင်ကျော်စောတဲ့ ယန့်ဆွေကျီးဟာ အသက် ၂၀ ကျော်အရွယ်ထိ ငယ်ရွယ်သွားအောင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းခံထားရတဲ့ ခန္ဓာကိုယ်နဲ့ ပြန်နိုးထလာခဲ့တယ်။ လူတွေက သူ့ကို လွန်ခဲ့တဲ့ လ...