ကမ္ဘာနှစ်ခု - ၁၆

21 4 0
                                    

အခုတလော မြူ တစ်မျိုးဖြစ်နေသည်။ သူချစ်တင်းနှောဖို့ ကြံလျှင်လည်း အကြောင်းအမျိုးမျိုးပြကာ သူ့ကို ရှောင်ဖယ်နေသည်။
ရုံးကပြန်လာလျှင်လည်း ခါတိုင်းလို သူ့ကို နွေးထွေးစွာ ကြိုဆိုနေခြင်းမရှိသည့်အပြင် သူကပင်
ညည့်နက်မှ ပြန်လာသည်။ သူ့မှာ ဆိုင်ထမင်းဟင်းကိုသာ
ကြိုက်လည်းစား မကြိုက်လည်းစား နေရသည်။

"မြူ...ဘာလို့ ဒီလောက်နောက်ကျတာလဲ"

"ကိစ္စရှိလို့ပေါ့ ဗျာ"

"ဘာကိစ္စလဲ?"

"ဟာဗျာ...ကျွန်တော်လုပ်သမျှ ခင်များကို အကုန် သံတော်ဦးတင်နေရမှာလား?"

"မဟုတ်ပါဘူးကွာ...ကိုယ် အဲ့လို သဘောမျိုးနဲ့ ပြောတာ
မဟုတ်ပါဘူး၊ မင်းလည်း ကိုယ့်စိတ်ကို သိရက်သားနဲ့"

"မသိဘူးဗျာ...နောက်မှပြောတော့ ကျွန်တော်အိပ်ချင်နေပြီ"

ကိုယ်ကို တစ်ဖက်လှည့်ကာ မြူ မျက်လုံးစုံမှိတ်ပြီး
အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

မိမိဂုတ်ပေါ်ကျလာသော အနမ်းနွေးနွေးတစ်ချက်...
မြူ မငိုမိအောင် စိတ်ကို မနည်းထိန်းနေရသည်။
အဲ့လောက်ထိ ချစ်မပြပါနဲ့လား အကိုရယ်...
ကျွန်တော် လောဘတက်လာလိမ့်မယ်။

အလုပ်ပင်ပန်းလို့ ထင်ပါသည်။ နှစ်နှစ်ခြိုက်ခြိုက်ကို
အကို အိပ်ပျော်နေသည်။ ဟုတ်မှာပါ...အကိုက
တစ်သက်လုံး သက်တောင့်သက်သာ နေလာခဲ့တဲ့သူပဲလေ။တစ်နေ့လုံး လွမ်းနေခဲ့ရသော အကို့မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိသည်။

အကို ကျွန်တော့်ကို စိတ်ပျက်နေပြီလား? စိတ်ပျက်လိုက်ပါအကို၊ စိတ်ကုန်လိုက်ပါ
အဲ့လိုဖြစ်အောင် ကြိုးစားနေရတာ ကျွန်တော်
ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိလား?
ကျွန်တော့်ကြောင့်နဲ့ လင်းလက်တောက်ပနေတဲ့
လမင်းကြီးကို အရောင်မမှိန်စေချင်တာ အမှန်ပါ။
ကျွန်တော်နဲ့ အတူရှိနေမယ်ဆိုရင် အရာရာကို ဘောင်ခတ်ပြီး ကြည့်တတ်တဲ့ လူတွေရဲ့ မျက်ဝန်းတွေအောက်မှာ အကိုအနေကျုံ့နေလိမ့်မယ်။
ပြီးတော့ လှောင်ပြောင်သရော်ပြီး ပြောကြမယ့် သူတို့ရဲ့
စကားတွေက စည်းမရှိတာမို့ အကို ရှက်ရွံ့သိမ်ငယ်
ရလိမ့်မယ်။ နောက်တစ်ခုကအကို့ကို ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစု ဘဝမျိုး ကျွန်တော်
ပေးနိုင်မှာမဟုတ်ဘူး။ ကျွန်တော်က အကို့အတွက်
သားသမီးရတနာ မွေးပေးနိုင်မယ့်သူ တစ်ယောက်
မဟုတ်ခဲ့ဖူးလေ။  ကျွန်တော် ကိုယ့်ကိုယ်ကိုယ်
အရမ်းမုန်းမိတယ်။ ဘာလို့များ မိန်းကလေးအဖြစ်နဲ့
မွေးဖွားမလာခဲ့တာလဲ? ဘာလို့များ သမရိုးကျ အချစ်ဇာတ်လမ်း တစ်ပုဒ်လို ကျွန်တော်တို့ အချစ်က
အသိအမှတ်ပြုခြင်း မခံရတာလဲ???
တကယ်လို့များ အချိန်တွေကို နောက်ပြန်ဆုတ်လို့ ရနိုင်ခဲ့မယ်ဆိုရင် အကိုနဲ့ စတွေ့ခဲ့တဲ့ ညကို
ပြန်သွားပြီး မဆုံကြအောင် ပြင်ဆင်ချင်တယ်။
ဒါဆို ကျွန်တော်တို့နှလုံးသားတွေလည်း နာကျင်ရမှာ မဟုတ်ဘူး။ ဒါဟာ ရူးမိုက်တဲ့ ဆန္ဒတစ်ခုဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်...ကျွန်တော်...။

ကမ္ဘာနှစ်ခုWhere stories live. Discover now