ရှိုင်းထွဋ်၏ ခေါင်းနောက်မှာရော၊ အကျီင်္ကျောမှာပါ ရွှံ့တွေပေကုန်ပြီဖြစ်သည်။ တောက်တစ်ချက်ခေါက်ကာ ဒေါသများနှင့် နောက်လှည့်ကြည့်တော့ ဒီမိုးယံ တစ်ယောက် ခြံစည်းရိုးနားထိရောက်နေပြီဖြစ်သည်။ အရယ်ကတော့မရပ်သေး။
"မင်း ဘာလုပ်နေတာလဲ ထွဋ်ထွဋ်။ ရွှံ့အိုင်ကို မင်းရည်းစားထင်လို့ ကလိထိုးနေတာလား။"
ဝါးခြမ်းပြားငယ်များနှင့်ကာထားသော ခြံစည်းရိုးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း ဒီမိုးယံ ခေါင်းမော့ ရယ်နေသည်။ မိုးရေစိုနေသော ဆံပင်များက ခေါင်းမှာ ကပ်နေသည်။ မျက်လုံးတစ်ဖက်ကို ကွယ်နေသည့် ဆံပင်များမှာ သပ်တင်ထားသောကြောင့် မျက်နှာတစ်ခုလုံးရှင်းနေသည်။ မျက်လုံးစိမ်းများက ကျေနပ်မှုများဖြင့် အရောင်လဲ့နေသည်။
နေနှင့်ဦးပေါ့ကွာ..
ရှိုင်းထွဋ် ခြေထောက်အောက်မှ ရွှံ့ကို ကောက်ယူကာ ဒီမိုးယံ မျက်နှာတည့်တည့်ရှိရာသို့ ပြန်ပေါက်သည်။ ဒါပေမယ့် ရှိုင်းထွဋ် ခါးကိုင်းလိုက်ကတည်းက ဘာလုပ်မည်ဆိုတာကို သိပြီးဖြစ်သော ဒီမိုးယံ ဒူးကွေးထိုင်ချကာ ရှောင်ဖယ်ပြီးသားမို့ ရွှံ့ဖတ်များမှာ ခြံစည်းရိုးကို ကျော်ရုံသာ ပျံဝဲသွားရသည်။ မထိမှန်းသိတော့ ဒီမိုးယံ ပိုရယ်သည်။ ခြံစည်းရိုးထက်မှာ ခေါင်းဖြတ်ပြီး တင်ထားသလို မျက်နှာပေါ်ရုံ ခေါင်းဖော်ပြီး မျက်နှာပြောင်ပြနေသည်။
"ချစ်လို့စတာကို ထွဋ်လေးရာ။ စိတ်မဆိုးစမ်းပါနဲ့။"
နောက်တစ်ကြိမ်တော့ ရှိုင်းထွဋ် လက်နှစ်ဖက်အပြည့် ရွှံ့ကိုကောက်သည်။ လက်တစ်ဖက်ဖြင့် အယောင်ပြပစ်တော့ သူ ထင်သည့်အတိုင်း မိုးယံ ခြံစည်းရိုးကိုကွယ်ကာရှောင်သည်။ ဒါပေမယ့် ဒီတစ်ခါတော့မရ။ ဒီမိုးယံ၏ စပ်ဖြဲဖြဲမျက်နှာက ခြံစည်းရိုးကွယ်မှ ပြန်ပေါ်လာသည်နှင့် ကျန်လက်တစ်ဖက်မှာ ၀ှက်ထားသော ရွှံ့ဖတ်များ ဖြင့် ထိုမျက်နှာတည့်တည့်သို့ လှမ်းပေါက်လိုက်သည်။
အား ပါး ပါး။
ထိသည်မှ တကယ့်ကို ကွက်တိ။
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။