ဆူညံသော စကားပြောသံများ၊ နောက်ပြောင်သံများက ဘောလုံးကွင်းတစ်ခုလုံးကို ဆူညံနေစေသည်။ ညနေခင်းဖြစ်သော်လည်း ကြိတ်ကြိတ်တိုးနေသည့် ကျောင်းသားများ၊ မိဘများအပြင် အခြားတက္ကသိုလ်များမှ လာရောက်အားပေးသူများနှင့် ပြည့်နှက်နေသောကြောင့် အားပေးစင်တစ်ခုလုံး လူတွေ စုပြုံနေပြီဖြစ်သည်။
ဆေး ၁ နှင့် ဆေး ၂ တို့ရဲ့ ချစ်ကြည်ရေး ဘောလုံးပွဲနေ့ဖြစ်သည်။
ချစ်ကြည်ရေးသာဆိုပေမယ့် သိပ်မချစ်ကြသော ကျောင်းနှစ်ကျောင်းအကြောင်းကို ကောင်းကောင်းသိနေသည့် ဆရာ၊ ဆရာမများက နည်းနည်းမှ အလွှတ်မပေး။ ကွင်းထဲဝင်အားပေးမည့်သူများကို စာမေးပွဲခန်းထဲဝင်ခါနီးစစ်သည်ထက် သေချာစစ်ဆေးရုံမက ဆိုးသွှမ်းသည်ဟု နာမည်ကြီးသည့် ကျောင်းသားကြီးများကို မျက်စိအောက်မှ အပျောက်မခံ။ ရေသန့်ဗူးတောင် သယ်ခွင့်မရလောက်အောင် တင်းကြပ်ထားသည်ဖြစ်၍ အားပေးဖို့လာသူများမှာ မျက်နှာငယ်လေးတွေနှင့် ဖြစ်ကုန်သည်။
"ရေတောင်ဆာရင် မသောက်ရဘူးလားဟာ။"
အညည်းအညူသန်သော နှင်းပွင့်က အဦးဆုံးညည်းသည်။ ရှိုင်းထွဋ်တို့အုပ်စုတွင် သူမက ဘာမဆို ညည်းချင်းလေးနှင့်စရမှ ဆိုသူတစ်ယောက်ဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း၊ အရပ်ပုပုလေးနှင့် ချစ်စရာကောင်းပြီး မျက်မှန်ဝိုင်းကို မချွတ်တမ်းဝတ်ဆင်ထားတတ်သည်။ သူတို့သူငယ်ချင်းခြောက်ယောက်အုပ်စုက အားပေးစင်ပေါ်တွင် ကွင်းထဲကို ကောင်းစွာမြင်ရမည့် နေရာရရန်ကြိုးစားရှာဖွေနေချိန်တွင် နှင်းပွင့် ညည်းနေခြင်းဖြစ်သည်။
"ရှိုင်းထွဋ်။"
"ဘာလဲ။"
"ရေဆာတယ်ဟ။"
"နောက်လာရောင်းမှာပေါ့ဟာ နင်ကလည်း။"
ရှိုင်းထွဋ် စိတ်ရှုပ်စွာဖြေဖြစ်သည်။ နေရာတိုင်းလိုလိုမှာ လူတွေပြည့်နေပြီဖြစ်သည့်အပြင် သူတို့အုပ်စုက ခြောက်ယောက်တောင်ဖြစ်သောကြောင့် နေရာခြောက်နေရာလွတ်သည့်နေရာကို ရှာရသည်မှာမလွယ်။
"ဒီလိုမှန်းသိရင် ဆရာဝန်မလုပ်ဘဲ ဘောလုံးကွင်းမှာ ရေရောင်းစားပါတယ်။"
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။