နွေသဇင်လေးကို ရှိုင်းထွဋ် ရင်မှာအပ်ကာ အိပ်ခန်းထဲတွင် ဟိုဘက်ဒီဘက် လမ်းလျှောက်ကာ သီချင်းသံစဉ်တစ်ပုဒ်ကို ခပ်တိုးတိုး လေချွန်ပြီး သိပ်နေသည်။ ကလေးငယ်မှာ ရှိုင်းထွဋ်၏ရင်အုံကို လက်ဖဝါးသေးသေးလေးဖြင့် လှမ်းကိုင်ထားကာ လှုပ်ရှားနေသော ရှိုင်းထွဋ်နှုတ်ခမ်းများကို စိုက်ကြည့်နေသည်။ ကိုယ်လုံးသေးသေးလေးသည် ကျယ်ပြန့်သော ရင်ခွင်ထဲမှာ လုံခြုံနေသည်။
ရှိုင်းထွဋ်၏ ဆံပင်များပင် အတော်ရှည်နေပြီဖြစ်သည်။ နောက်ဘက်တွင် ပခုံးနားထိပင်ရောက်နေပြီ ဖြစ်သော်လည်း ဘေးနှစ်ဘက်ကို အတိုအရှည်မညီအောင် ပုံစံကျကျညှပ်ထားသောကြောင့် အသားဖြူသောမျက်နှာမှာ ပျောက်ကွယ်မသွား။ အနားခေါက်လိပ်ထားသည့် ကိုယ်ကြပ် ဂျင်းဘောင်းဘီရှည်နှင့် နုနယ်လွန်းသည့် မျက်နှာသည် ဖခင်တစ်ယောက်လို ကလေးချီသိပ်နေပုံနှင့် လားလားမှ မသက်ဆိုင်ပေမယ့် ငြိမ်းချမ်းနွေးထွေးမှုအပြည့်နှင့်ဖြစ်သည်။
"အိပ်။ အိပ်။ ကလေး။ ဖေကြီးထွဋ် ရှိတယ်။"
ကလေးငယ်၏ ကိုယ်ကို လှုပ်သည်ဆိုရုံလေး လှုပ်ကာ အပြုံးဖြင့်ငုံ့ကြည့်နေသည်။ အပြုံးနှင့်အတူ ပါးချိုင့်ရာလေးနှစ်ခု ရိပ်ရိပ်လေးထင်လာသည်။ ကြည်လင်ရွှန်းလဲ့နေသော မျက်လုံးများတွင်လည်း ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေသည်။
နွေသဇင်ရာ။ မင်းလေး ကံကောင်းပါတယ်။
အတွေးအဆုံးမှာ ဒီမိုးယံ မျက်လုံးတွေ ပူစပ်လာသလို ခံစားလိုက်ရသည်။ မျက်တောင်များကို မြန်မြန်ပုတ်ခတ်ကာ အကြည့်လွှဲဖြစ်သည်။ မိခင်အကြောင်း အတွေးရောက်သွားတိုင်း မီးစဖြင့်တို့ခံလိုက်ရသလို သူ တွန့်သွားတတ်သည်။ အပြစ်သားတစ်ယောက်လို အတွေးကိုရပ်ပစ်ဖို့ ကိုယ့်ကိုကိုယ် အမိန့်ပေးတတ်သည်။
ရေစက်မောင်းသံတစ်ခုသည် ညည့်ယံကိုဖောက်ထွင်း ထွက်ပေါ်လာသည်။ မရှေးအနှောင်းမှာပင် လန့်သွားဟန်တူသော နွေသဇင်လေးကို ပြန်လည်ချော့သိပ်နေသည့် ရှိုင်းထွဋ်၏ အသံပေါ်လာပြန်သည်။
"ကျွတ်။ ကျွတ်။ ကလေး။ ဘာမှမဖြစ်ဘူး။ အိပ်။ အိပ်။"
ရင်ခွင်ထဲမှ ကလေးငယ်ကို တခြမ်းစောင်းချီလိုက်သည်ဖြစ်၍ နွေသဇင်လေး၏ ခေါင်းမတ်သွားသည်။ သူ့ပခုံးပေါ်ကလေးခေါင်းတင်နိုင်သည့် အနေအထားဖြစ်အောင် ရှိုင်းထွဋ် လက်တစ်ဖက်ဖြင့် ညင်သာစွာ ဖိချအကူအညီပေးနေပြန်သည်။
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။