"အင်း... အား.. ကျွတ် ကျွတ်.."
မိခင်ဖြစ်သူ၏ ညည်းသံသဲ့သဲ့သည်လည်း ဒီမိုးယံအတွက် ခြောက်ခြားဖွယ်ကောင်းလှအောင် ကျယ်လောင်နေသည်။ သူ အိပ် မပျော်ခဲ့ဘဲ တစ်ချိန်လုံး မိခင်နားမှာ နိုးနေခဲ့ခြင်းဖြစ်သည်။ အချိန်မည်မျှကြာအောင် ကုန်ဆုံးသွားသည်ကို မသိလိုက်။ နှစ်နာရီလည်းဖြစ်နိုင်သည်။ သုံးနာရီလည်းဖြစ်နိုင်သည်။ တဖြည်းဖြည်းနှင့် ကျယ်လောင်လာသော ဒေါ်မြလေး၏ ညည်းသံကြောင့် နာကျင်မှုသည် တဖြည်းဖြည်း တိုးလာပြီဆိုတာကိုတော့ သူ နားလည်သည်။
"မီးဖွင့်လိုက်ရမလား မေမေ။"
မိခင်ဖြစ်သူထံမှ ညည်းညူသံမှလွဲ၍ အဖြေသံမကြားရ။ လှဲနေရာမှ အသာထက မီးလုံးမှိန်မှိန်ကို ဖွင့်ထွန်းလိုက်သည်။ ခြေသံကြားရလျှင်တောင် ပိုမိုအနှောင့်အယှက်ဖြစ်မည်ထင်ကာ ခြေကိုဖွလျှောက်နေမိသည်။ အသက်လည်း ရဲရဲမရှူရဲ။
"မေမေ ကျွန်တော် ဒေါ်ကြည့်ကို သွားခေါ်ဦးမယ်။"
"အင်း။"
သံဆွဲရှည်တစ်ခုနှင့်အတူ ဒေါ်မြလေး ခေါင်းညိတ်ပြသည်။ နာကျင်မှုကြောင့် ရှုံ့မဲ့နေသော မျက်လုံးများက မဖွင့်နိုင်။ မျက်နှာတစ်ခုလုံးရှုံ့မဲ့နေကာ အရေပြားမှာ အရစ်ရစ် အကြောင်းကြောင်းနှင့်ဖြစ်နေပြီး မျက်နှာလှလှလေးမှာ အစအနပင် မကျန်တော့။
"မေမေ ထချင်လို့လား။"
အိပ်ရာပေါ်မှ ကြိုးစားရုန်းထနေသော မိခင်ကို သူ ကူညီပေးလိုက်သည်။ ဒေါ်မြလေး၏ကျောမှာ ချွေးတွေစိုရွှဲနေသည်။ အကျီင်္ပါးမှာ ကန်ရေထဲပစ်ချခံထားရသော စက္ကူစုတ်တစ်ခုလို ချွေးများဖြင့် နစ်နေအောင်စိုကာ ကျောမှာကပ်နေခြင်းဖြစ်သည်။ သက်သောင့်သက်သာထိုင်နိုင်ရန် ကျောနောက်မှာ ခေါင်းအုံးခုပေးပြီး နံရံမှာ မှီနိုင်အောင် နေရာချပေးပြီးမှ ဘေးနားမှ မိငယ်ကို နှိုးရသည်။
"မိငယ်။ ထဦးဟ။ ငါ ဒေါ်ကြည့်ကို သွားခေါ်လိုက်ဦးမယ်။ မေမေ့ကို အကျီင်္လဲပေးထားဦး။ ချွေးတွေရွှဲနေတာပဲ။"
လက်ထောက်ထိုင်ကာ မျက်လုံးကို ဖိပွတ်နေသော ညီမဖြစ်သူ နိုးလာတာကိုပင် မစောင့်နိုင်တော့ နောက်တစ်ကြိမ် လမ်းပေါ်ပြေးဆင်းလာခဲ့ဖြစ်သည်။ မနက်ခင်း၏ အလင်းရောင်ခြည်တစ်ချို့ကို မိုးကုပ်စက်ဝိုင်းစွန်းတစ်နေရာမှာ ခပ်သဲ့သဲ့တွေ့ရသည်။ အဖြူရောင်အနားသတ် မြင်ရရုံ လင်းရုံကလေးသာဖြစ်သည်။
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။