ကျောင်းသူကျောင်းသားများ၏ အားပေးသံများက သောသောညံနေသည်။ ပထမနှစ်မှ နောက်ဆုံးနှစ်အထိ တစ်ကျောင်းတည်း၊ တစ်နေရာတည်းဖြစ်သည့် ဆေးတက္ကသိုလ် ၂ မှ ကျောင်းသားများ၏ လက်ခုပ်တီးသံများ၊ ဗုံတီးသံများသည် သစ်ပင်သစ်ကိုင်းများကြားမှာ နားနေသော ငှက်ငယ်လေးများကို ဆောက်တည်ရာမဲ့ အလန့်တကြား ထပျံသွားနိုင်အောင်ပင် စွမ်းဆောင်နိုင်ကြသည်။
ဒါပေမယ့် အော်ဟစ်ဆူညံသံများကို ရှိုင်းထွဋ် တစ်ခွန်းမှ မကြားမိ။
ပြုတ်ကျသွားသည့် မဂ္ဂဇင်းစာအုပ်ကိုလည်း ပြန်ကောက်ဖို့ရန် သူ သတိမထားမိ။
"ရှိုင်းထွဋ်။ ထိုင်လေဟာ။"
သူ့လက်ကို နှင်းပွင့်လှမ်းဆွဲမှ ၀ုန်းခဲနဲ အားပေးစင်ပေါ် ထိုင်ချဖြစ်သွားသည်။
ဟုတ်ရဲ့လား။
သူ အမြင်မှားတာလား။
ကိုယ်ကို အနည်းငယ်စောင်းကာ အနောက်ဘက်သို့ မျက်စိထောင့်ကပ်ကြည့်တော့ ရင်တွေက ဒိုင်းခနဲ ထခုန်သည်။
ဟုတ်ပါသည်။
ဒီမိုးယံ မှ ဒီမိုးယံ အစစ်ပါ။
ဒီရုပ်ကို ခွေးချီ ကျားဆွဲသွားလျှင်တောင် သူ ကောင်းကောင်းမှတ်မိသည်ပဲဖြစ်သည်။ အခုထိ သူ့ကို စိုက်ကြည့်နေသည်မှာ အခဲမကြေသည့်ပုံ။ မတတ်နိုင်။ သူ့နောက်မှာ ဘွားခနဲပေါ်လာမည်ဟု သူ မှ မသိထားတာ။
ဒီလို မကောင်းပြောတိုင်းသာ ဒီမိုးယံ သူ့နောက်မှာပေါ်လာလိမ့်မည်ကို သူသိထားခဲ့လျှင် ဒီသုံးနှစ်လုံး နေ့ရော ညပါ ဒီမိုးယံမကောင်းကြောင်းကိုသာ သူ အမြဲမပြတ် ပြောနေမိမှာပါ။
"ရှိုင်းထွဋ်။"
"ဟင်။"
"နင် တက်နင်းထားတာ ကြည့်ဦး။"
နှင်းပွင့် သတိပေးမှ မကြာသေးခင်က လွတ်ကျသွားသော မဂ္ဂဇင်းကို အကျအန တက်နင်းထားသော သူ ခြေထောက်ကို ကပျာကယာဖယ်လိုက်ရသည်။ သူ လှည့်မကြည့်ပေမယ့် သူ့နောက်စေ့မှာ အကြည့်များဖြင့် မီးတောက်တော့မည်ထင်သည်။ တမင် တက်နင်းထားသည်များ ထင်နေသလားမသိ။
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။