ညစာထမင်းဝိုင်းလေးသည် တိတ်ဆိတ်စွာ ပြီးဆုံးသွားသည်။ ဇွန်းသံတစ်ချို့၊ မေးခွန်းသံတစ်ချို့မှလွဲလျှင် အရယ်အပြုံးဆိုတာမပါ။ ရှိုင်းထွဋ်နှင့် မိငယ်သာ စားပွဲပုလေးခင်းကာ အတူတူစားဖြစ်ကြသည်။ ညစောင့်အလုပ်အတွက် အိမ်မှာ ဦးကျော်ဇောမရှိ။ ဒီမိုးယံကလည်း ရေချိုးဦးမယ်ဟူသော အကြောင်းပြချက်တစ်ခုနှင့်အတူ ရှောင်ထွက်သွားသည်။ အိမ်နောက်ဖေးမှ ရေသံတ၀ုန်းဝုန်းသည် ရှိုင်းထွဋ် ရင်ခွင်ကို အရှိန်ပြင်းပြင်းနှင့် ရိုက်ခတ်သည်။
သူတို့နှင့်အတူ ဒီမိုးယံကို ရှိစေချင်သည်။ လက်ဆုံစားစေချင်သည်။ တစ်နေ့တာအဖြစ်အပျက်တွေကို ရင်ဖွင့်စေချင်သည်။ မပျော်ဘူးဆိုတာသိပါသည်။ စိတ်ညစ်နေသည်ဆိုတာကိုလည်း နားလည်သည်။ ဒါပေမယ့် တစ်ယောက်တည်း အထီးကျန်နေအောင် ရှောင်ထွက်နေတာမျိုးကို သူ လက်မခံနိုင်။
"ရတယ် ကိုထွဋ်။ ထားလိုက်။ မိငယ်ဆေးလိုက်မယ်။"
"ရပါတယ်ဟာ။ ငါ လုပ်လိုက်မယ်။"
မိငယ်လက်ထဲမှ ပန်းကန်ကို ပြန်ဆွဲယူရင်း ပန်းကန်ဆေးဖြစ်သည်။ ကလေးတစ်ဖက်နှင့် ပင်ပန်းနေသည့် ဒီကောင်မလေးကို သူ အားနာသည်။ ခေါင်းရေစိုပေါ် မျက်နှာသုတ်ပ၀ါ အုပ်တင်ကာ အိမ်ပေါ်လှမ်းတက်လာသော ဒီမိုးယံက သူ့ကိုတစ်ချက်လှမ်းကြည့်သည်။ သွယ်သောမျက်နှာမှာ ပိုပြီးပိန်ကျသွားသည်။ နက်မှောင်သောမျက်ခုံးတစ်စုံသည်လည်း တစ်စုံတစ်ရာကို အမြဲမကျေနပ်သလို မှုန်ကုပ်နေသည်။
"ဟေ့ကောင်.. ညဖက်ကြီး မင်းခေါင်းလျှော်ပြန်ပြီလား။"
သူ့စကားကို မကြားသလို ဒီမိုးယံ ကျော်ထွက်သွားသည်။ သူ့ဘေးမှ ဖြတ်လျှောက်အသွားမှာ ရေစက်တစ်ချို့က သူ့မျက်နှာကို ရိုက်ခတ်စင်သွားသည်။ မျက်မှောင်တစ်ချက်ကုတ်မိပေမယ့် ရှိုင်းထွဋ် ဘာမှဆက်မပြောဖြစ်။ မိငယ်ရှိနေရာ အခန်းထဲသို့သာ ၀င်လာခဲ့သည်။ နွေသဇင်လေးက မျက်လုံးများဝိုင်းနေအောင် နိုးနေသည်။ ဖျာပေါ်တွင် ငြိမ်ငြိမ်နေသည်တော့မဟုတ်။ သူမထုံးစံအတိုင်း ခြေလှုပ်၊ လက်လှုပ်၊ ဟိုကြည့်ဒီကြည့်နှင့်ဖြစ်သည်။
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။