သန့်ရှင်းလန်းဆန်းစေသော ဆောင်းမနက်ခင်းလေညှင်းသည် ဖွင့်ထားသော ပြတင်းတံခါးများကြားမှ တိုးဝင်လာနေသည်။ နေရောင်ခြည်တန်းများသည်လည်း ကျောင်းခန်းတွင်းရှိ သစ်သားခင်းထားသော ကြမ်းပြင်ပေါ်တွင် ကျရောက်ကာ ပုံရိပ်ဖော်နေသည်။ နေခြည်တန်းထဲမှ လွင့်မြောနေသော ဖုန်စငယ်များသည်လည်း ကျောင်းသူလေးများ၏ တံမြက်စည်းများကြားထဲတွင် တလွင့်လွင့်ဖြစ်နေသည်။
"ခုံတွေကို မြန်မြန်ဖယ်လေဟာ ရှိုင်းထွဋ်။"
တံမြက်စည်းလှည်းနေသော ကျောင်းသူတစ်ယောက်ဖြစ်သည့် ပန်းအိထွေး စိတ်မရှည်တော့။ လက်ထဲမှ တံမြက်စည်းဖြင့် ရှိုင်းထွဋ်ကို ရိုက်ချင်နေပြီဖြစ်သည်။ ရှိုင်းထွဋ်တစ်ယောက် ဟိုဟာလုပ်သလိုလို၊ ဒီဟာလုပ်သလိုလိုနှင့် အချိန်ဆွဲနေသည်မှာ ခုံတွေကို တစ်ခုမှ မဖယ်ရသေး။ ခုံတန်းတွေကို စားပွဲပေါ်တင်မှ တံမြက်စည်းလှည်းရလွယ်မှာဖြစ်သည်။ နောက်ပြီး ဒီခုံတွေ၊ စားပွဲတွေအားလုံးကို အောက်ထပ်ကအခန်းမှာ သွားထားရဦးမည်။
"အေးပါဟာ။ ဖယ်မှာပေါ့။ ဟိုကောင်က မလာသေးဘူးဟ။"
"ဒီမိုးယံလား။ ရုံးခန်းမှာ လိုတာတွေ သွားယူနေတယ်။"
"ကြာလိုက်တာ။"
ရှိုင်းထွဋ် မကျေမနပ်နှင့်ပင် ခုံတွေကို စားပွဲပေါ်တင်ပေးရသည်။
"ဟေ့ကောင်။ ဘယ်သွားသေနေတာလဲ။ မြန်မြန်လာကူဦးကွ။"
အခန်းဝမှာ ဒီမိုးယံ၏ ပုံရိပ်ကိုမြင်လိုက်ရသည်နှင့် ရှိုင်းထွဋ်အော်တော့သည်။ ဒီမိုးယံက သူ့ထုံးစံအတိုင်း ဆံပင်ဘုတ်သိုက် ပုဆိုးတိုတိုနှင့်ဖြစ်သည်။ ဒီမိုးယံဘေးနားမှာ အခြားကျောင်းသား သုံး၊ လေးယောက်လည်းပါသည်။ အားလုံးကြားတွင် ဒီမိုးယံ၏ ရှည်လွန်းသောအရပ်က မိုးထိုးနေသည်။
"ငါ တခြားလူတွေပါခေါ်ခဲ့တယ်။ ငါတို့နှစ်ယောက်ထဲနဲ့ ရွှေ့လို့နိုင်မှာမဟုတ်ဘူး။"
"အေး။ မင်းတော်တယ်။"
ရှိုင်းထွဋ်က ပျော်သွားသလောက် ကျောင်းသားတွေကတော့ ပျော်ပုံမရ။ ဒီမိုးယံကိုကြောက်၍သာ လိုက်လာရသည့်ပုံစံများဖြစ်ကြောင်း မျက်နှာများက အသံတိတ်အော်နေကြသည်။
YOU ARE READING
ဆူး
Romance(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။