"မမလေး... ဒုတိယသခင်မလေး လာတွေ့တယ်..."
ကျင်းကျီ မျက်နှာက စိုးရိမ်ကြောင့်ကျမှုအပြည့်။ "ဒီလိုအချိန်မျိုးမှာလာတာ... မမလေးက နေကောင်းသေးတာလဲမဟုတ်ဘဲ... အအေးမိမှာ မစိုးဘူးလားမသိ..."
ကူယွိက ကျင်းကျီ၏ လက်မောင်းအား ဆွဲခါလိုက်သည်။ သို့သော် သူမ မျက်နှာ၌လည်း စိုးရိမ်နေသော သဘောရှိလေသည်။
ရှန်းမြောင်လည်း ဤအချင်းအရာကို တွေ့၍ သက်ပြင်းချလိုက်မိသည်။
သူမအနားမှ ရံရွှေတော်မိန်းကလေး လေးဦးစလုံးမှာ ရှန်းရှင်းနှင့် ရှန်းကတော်တို့ ကိုယ်တိုင်ရွေးချယ်၍ လေ့ကျင့်ပေးထားသဖြင့် လွန်စွာ ပါးနပ်၍ သစ္စာစောင့်သိကြလေသည်။ ရှန်းမိသားစုအခြေအနေ၊ ဒုတိယနှင့် တတိယအိမ်ခွဲတို့၏ စိတ်ရင်းသဘောထားအမှန်တို့အား သူမက ငယ်ရွယ်သူပီပီ မသိ နားမလည်ခဲ့သော်ငြား သူမ၏ ရံရွှေတော်များကတော့ ခန့်မှန်းသိနိုင်ကြလေသည်။
ဘာမျှ မပြောနိုင်သေးခင်ပင်၊ မိန်းမငယ်တစ်ဦး အခန်းအပြင်မှ လျှောက်ဝင်လာသည်။ ဤမိန်းမငယ်မှာ အသက် ၁၅ ၁၆ မကျော်ရုံကလေး၊ ပန်းနုရောင် ဒေစီပန်းထိုးထားသော ဂါဝန်အား ဝတ်ဆင်ထားသည်။ သူမ ဆံနွယ်များကိုမူ ဆံမြိတ်ချ၍ ထုံးဖွဲ့ထားသည်။ သူမ အသားအရေက ဖြူစင်ဝင်းမွတ်နေ၏၍ မျက်ခုံး မျက်လုံးများကလည်း တည်ငြိမ်သော အလှမျိုးကို ပေါ်လွင်နေစေသည်။ သူမမှာ ပညာဉာဏ်ပြည့်ဝသောရုပ်သွင်နှင့် ဗိုင်းကောင်းကျောက်ဖိဟန် ရှိလေသည်။ ရှန်းမြောင်အား တွေ့သောအခါ သူမက ကုတင်အနား တိုးလာကာ စိုးရိမ်တကြီး ဆိုလေသည်။ "ဝူမေး(ညီမ ၅) သက်သာသွားပြီလားဟင်... မေမေး ရေထဲကျသွားတယ်ဆိုလို့ ကျဲက စိုးရိမ်နေတာ... ဒါပေမယ့် ယွိကျောင်းဝန်းထဲက လူတွေက မေမေး အနားယူဖို့လိုတယ် ပြောတာနဲ့ ကျဲလည်း လာမနှောင့်ယှက်ရဲဘူး... မေး ဒီနေ့ နိုးလာပြီလို့ကြားတာနဲ့ ကျဲလည်း အပြေးလာခဲ့တာ..."
ရှန်းမြောင် သူမရှေ့ရှိ မိန်းမငယ်အား ကြည့်လိုက်သည်။ ရှန်းမျိုးနွယ်၏ တတိယအိမ်တော်ခွဲမှ ရှန်းယွဲ့ဖြစ်သည်။
ရှန်းအိမ်တော်၌ တိသမီး(ပဏာမဇနီးမှမွေးသော သမီး) သုံးဦးရှိသည်။ ရှန်းချင်းက ဆွဲဆောင်မှုကောင်း၍ ဖော်ရွှေသွက်လက်သည်။ ရှန်းယွဲ့ကတော့ ပါရမီရှင် မိန်းမချောလေးဖြစ်၍ နာမည်ကျော်ကြားသည်။ ရှန်းမြောင် တစ်ယောက်သာ သစ်တုံးရုပ်သွင်နှင့် ပါရမီပညာဉာဏ်ကလည်း မပြည့်မဝ ဖြစ်နေသည်။ အပြင်လူများကတော့ သူမအား 'သိမ့်မွေ့ ရိုးအေးသူ'ဟု ခေါ်ကြသည်။ သို့သော် ဤ အခေါ်အဝေါ်၏ နောက်ကွယ်၌ အမှန်တကယ် ဂုဏ်ဒြပ်မရှိ။ ထို့ပြင် သူမသည် လူသူရှေ့ ခေါ်ထုတ်မပြဝံ့သော သမီးတစ်ဦးသာ ဖြစ်တော့သည်။
CZYTASZ
ငြိုးသူ့ကလဲ့စား
HistoryczneThe Rebirth Of Malicious Empress In The Military Lineage ကို No_Cause နဲ့ ပူးပေါင်းပြီး မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။