ဆောင်းဦးဝင်လာသည်နှင့် ညအခါဆိုလျင် လေပြည်အေးက သွေးလာတော့သည်။ နေ့အခါ၌လည်း တစိမ့်စိမ့်ပို၍ အေးလာချေပြီ။ တင်းမြို့တော်မှာ မြောက်ပိုင်းတွင်ရှိနေသောကြောင်း အအေးဒဏ်အား ပို၍ ပြင်းထန်စေလေသည်။
အလင်းရောင်ဖြဖြအောက်တွင်တော့ မိန်းမငယ်တစ်ဦး စာတစ်အုပ်ကို ကိုင်ကာ ညောင်စောင်းကို မှီထားရင်း ဖြည်းညင်းစွာ စာဖတ်နေသည်။ သူမ စာကို အာရုံစိုက်ဖတ်နေလျက်ဖြစ်သောကြောင့် သူမ အနားမှ လက်ဖက်ရည်ကြမ်း အေးသွားသည်ကိုပင်လျင် သူမ သတိမထားမိ။
ပိုင်လုတစ်ယောက် သူမ၏ သခင်မလေးမှာ ညတွင်းချင်း အခြားလူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည့်အလား မယုံနိုင်စွာ ငေးကြည့်နေမိတော့သည်။ ရှန်းမြောင် ယခင်က စာလေ့လာရသည်ကို မုန်းတီးသဖြင့် ယခုကဲ့သို့ သူမ တိတ်ဆိတ်ငြိမ်သက်စွာ စာဖတ်နေသည်က အထူးအဆန်းသဖွယ်ဖြစ်နေသည်။ သို့သော် ယခုအခြေအနေအရဆိုလျင် ဤသည်မှာ သူမ၏ သခင်မလေးဖြစ်မှန်းမသေချာပါက အလွန်မဟာဆန်သော အမျိုးသမီးတစ်ဦးဟု ထင်မိပေလိမ့်မည်။
ပိုင်လုတစ်ယောက် မိန်းမငယ်တစ်ဦး ဤမျှ ဩဇာသက်ရောက်မြင့်မြတ်စွာ နေနိုင်မည်ကို နားမလည်တတ်သောကြောင့် မှင်သက်ငေးမောနေမိတော့သည်။ ရွှမ်းကျန်းရောင်လာပြီး သူမအား အသာတို့လိုက်ကာ မေးတော့မှ သူမ အသိပြန်ဝင်လာသည်။ "ကြောင်တောင်တောင်နဲ့ ဒီမှာ ဘာရပ်လုပ်နေတာလဲ..." သူမက ရှေ့ဆက်သွားကာ ရှန်းမြောင် ပုခုံးတဝိုက် ခြုံထည်တစ်ခု ခြုံပေးလိုက်ပြီးနောက် အကြံပြုလေသည်။ "မမလေး... အချိန်က မစောတော့ဘူး... မနက်ဖြန်လည်း ကွမ်ဝမ့်ထန်သွားရဦးမှာ မဟုတ်လား... အိပ်ရာစောစောဝင်ရင် ပိုကောင်းမယ်ထင်တယ်..."
ရှန်းမြောင် ခေါင်းခါလိုက်သည်။ "သွားတော့... အရင်နားနှင့်လိုက်... ငါ စာခဏ ဖတ်ဦးမယ်..."
သခင်က မအိပ်သေးဘဲ ကျွန်က အနားယူသည်မှာ ဖြစ်သင့်သည့်အရာ မဟုတ်။ ရွှမ်းကျန်းခမျာ မတတ်သာတော့ဘဲ ရှန်းမြောင်အား ထပ်မံတိုက်တွန်းဖြောင်းဖြကြည့်ရန် ပြုလေသည်။ သို့သော် ရေနွေးကြမ်းလာလဲသော ကူယွိက သူမအား တားကာ ပိုင်လုရော သူမကိုပါ အပြင်သို့ ဆွဲခေါ်သွားတော့သည်။
ESTÁS LEYENDO
ငြိုးသူ့ကလဲ့စား
Ficción históricaThe Rebirth Of Malicious Empress In The Military Lineage ကို No_Cause နဲ့ ပူးပေါင်းပြီး မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။