အသက်ဝင်နေတဲ့ အိမ်ကလေးအပိုင်း (4)

1.1K 150 28
                                    

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (4)

စိုင်းထက်သည် အိမ်ပျက်ကြီးတွင်နေသည့် ကောင်လေးကို နောက်နေ့လည်း မုန့်လာစားမလားဟု မျှော်နေသေးသည်။ သို့သော် ဈေးကွဲသည်အထိ ကောင်လေးမလာသဖြင့် ဈေးသိမ်းတော့ အိမ်အိုကြီးရှေ့လမ်းက ဖြတ်ပြီးပြန်လာတော့ ခြံဝင်းထဲမှာ ရှုပ်ယှက်ခတ်နေသည့် အကိုင်းများကို ဖြတ်တောက်ကာ ရှင်းလင်းနေသည့်ကောင်လေးကို တွေ့လိုက်တော့ ၀မ်းသားသွားခဲ့သည်။ မနက်ကတည်းက တကုတ်ကုတ် အလုပ်လုပ်နေသည်ထင်သည်။ မျက်နှာက နီရဲနေပြီး စွပ်ကျယ်လက်တိုလေးက ချွေးတို့ရွဲ့လို့နေသည်။ ကြည့်ရတာ တစ်ခါမှ အလုပ်ကြမ်းလုပ်ဖူးပုံမရပေ။ ရေဗူးကိုမော့သောက်ရင်း ဆံပင်ကိုသပ်တင်ကာ နဖူးစပ်မှချွေးကို သုတ်လိုက်သည်ကိုကြည့်ပြီး စိုင်းထက် ယောကျာ်းလေးတစ်ယောက်တွင်လည်း အင်မတန်ကိုကြည့်ကောင်းသည့် မဟာဆန်သည့် အပြုမှုရှိသည်ကိုလည်း သိလိုက်သည်။

ဘယ်လောက်တောင်နှစ်လိုဖွယ်ကောင်းလိုက်လဲ။ ရှမ်းပြည်ဖြစ်သောကြောင့် အသားဖြူသည့်လူများ ရိုက်သတ်လို့မကုန် သော်လည်း မျက်နှာပြင်တွင် ထင်ဟပ်နေသည့် တည်ကြည်သည့်သွင်ပြင်၊ ဥာဏ်ပညာကြီးသည့်သွင်ပြင်၊ ပြီးတော့ ကြင်နာသနားတတ်သည့် သွင်ပြင်က သူ့ကိုထူးခြားစေသည်။ ဒါ့အပြင် သူ့ရုပ်က နုပျိုကာ လူငယ်လေးလိုဖြစ်နေသော်လည်း အပြုမှုများက လူကြီးလေးလိုဖြစ်နေသည်။ စိုင်းထက်တွေ့ဖူးသည့် နုဖတ်ပြီး မိန်းကလေးရှုံးလောက်အောင် ချောမောသည့် ကောင်လေးများက အတွေးတိတ်ပြီး ကိုယ့်အတွက်သာသိတတ်သည့် တကိုယ်ကောင်းသမား ခပ်ဆိုးဆိုးလေးတွေ များပြီး၊ တည်ကြည်သည့်လူကြီးများကလည်း ပုံစံသမား စာအုပ်ကြီးသမားဖြစ်ပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းကြသည်။

ယခုကောင်လေးက ဆန့်ကျင်ဘက်တို့ ပေါင်းစပ်ထားပြီး သေချာကြည့်လေ ခင်ချင်စဖွယ် ဖြစ်လေ ဆွဲအားတမျိုးကိုလည်း ပိုင်ဆိုင်ထားသည်။ စိုင်းထက် ဆိုင်ကယ်ကိုရပ်ပြီးငေးကြည့်နေစဉ် ထိုကောင်လေးက လုပ်လက်စကို လက်စသတ်ပြီး ကြောင်လေး တစ်ကောင်နှင့်အတူ အိမ်ထဲကိုဝင်သွားတော့သည်။ ထိုအခါမှ အိမ်ပြန်ရန်သတိရတော့သည်။

အသက်ဝင်နေတဲ့ အိမ်ကလေးWhere stories live. Discover now