အိမ်ကလေး - အပိုင်း (22)
ယမင်းခင်သည် မြေတိုက်ခန်း၏တစ်နေရာတွင် မောင်ဖြစ်သူ၏ အင်းဖြင့် ချုပ်မိနေစဉ် မြေအောက်တစ်နေရာမှ ဖုတ်ဝင်အလောင်းကြီး၏ ဟိန်းသံကို ကြားလိုက်စဉ် ဆတ်ခနဲဖြစ်သွားသည်။ လေထုထဲတွင် လွင့်ပျံလာသည့် သွေးရနံ့က ပုံမှန်ထက်ကို စူးရှလွန်းလှသည်။ အခြားသော ပရလောကသားများ၏ သွေးနံ့အပြင် မိမိမောင်၏သွေးနံ့ကိုပါ ရလိုက်စဉ် ယမင်းခင် ထရပ်ကာ အာရုံစိုက်လိုက်သည်။ မိမိကိုချုပ်ထားသည့်အခန်းမှ မထွက်နိုင်ပေမယ့် မိမိ၏ အနံ့ခံအာရုံနှင့် အကြားအာရုံတို့ကို အစွမ်းကုန်အသုံးချလိုက်သည်။
ဝိညာဉ်ဘ၀ကိုရောက်လို့ နှစ်ပေါင်းနှစ်ဆယ် ကြာပြီဖြစ်သောကြောင့် ထူထဲသော အုတ်နံရံများကိုဖောက်ပြီး အခြားနေရာကအသံကို ကြားနိုင်စွမ်းလည်းရှိလာသည်။ ကျယ်ပြန့်သော မြေတိုက်၏တစ်နေရာမှ ထွက်ပေါ်လာသော ဟိန်းသံအရ ထိုအကောင်က စွမ်းအားအတော်ကြီးပုံရသည်။ ဒီနယ်တစ်ဝိုက်မှ ပရလောကသားများ၏ သွေးနံ့များက ထောင်းထောင်းထနေပုံအရ ထိုအကောင်ကို သွေးတိုက်နေပုံရသည်။ ပရလောကသားတစ်ကောင်ကိုသတ်ပြီး သွေးကို စုဆောင်းထားလျှင် ထိုသွေးထဲတွင် စွမ်းအားများ ကိန်းအောင်းနေတတ်သည်။ ယခုတော့ ပရလောကသား အမျိုးအတော်စုံပုံရသည်။ သွေးနံ့များစွာ ရောနေသည့်အပြင် မိမိမောင်၏သွေးနံ့ကိုပါ ရသဖြင့် ယမင်းခင် ကျေနပ်စွာပြုံးလိုက်သည်။ မိမိကြားသည့်အကောင်က မောင်ဖြစ်သူမွေးထားသည့် အကောင်ကြီးဖြစ်လျှင် ထိုအကောင်ကို စွမ်းအားကြီးအောင် သွေးပေါင်းစုံကို တိုက်ကျွေးနေလျှင် ဘုန်းထက်ရှိန် ဒီအကောင်ကို မကြာခင် အသုံးချမည့်နေရာက တစ်နေရာပဲရှိသည်။ မိမိချစ်သည့် ဒေါက်တာကျော်ဇော၏ ၀ိညာဉ်ကို တစ်စစီဆွဲဖြဲဖို့နှင့် ထိုအိမ်ပိုင်ရှင်ကို သတ်ပစ်ဖို့…။
ဒေါက်တာကျော်ဇောကလွဲလျှင် မောင်ဖြစ်သူ ဘာလုပ်လုပ်ဟု ဆိုပေမယ့် မိမိမောင်က မိမိချစ်သောသူကို လုံးဝကို အလွတ်မပေးဘဲ အပြတ်ရှင်းတော့မည်။ ထို့ကြောင့် ယမင်းခင် ဆုံးဖြတ်ချက်ချလိုက်သည်။
“ဒေါက်တာ.. ကျွန်မချစ်တဲ့ဒေါက်တာကို ဘယ်သူမှ မထိရဘူး..”
ယမင်းခင်သည် ဘုန်းထက်ရှိန် မြေတိုက်ခန်းထဲမှ ထွက်သွားသည်နှင့် မိမိအကြံကို အကောင်အထည်ဖော်တော့သည်။ ဒီမြေတိုက်ခန်းများ၏ ဆက်သွယ်ထားသည့် လျှို့ဝှက်ခန်းများကို ယမင်းခင် မှတ်မိသေးသည်။ ဒါကြောင့် ထိုနေရာကို ရအောင်ရှာကာ လျှို့ဝှက်လမ်းထဲကို တိုးဝင်သွားတော့သည်။
ВЫ ЧИТАЕТЕ
အသက်ဝင်နေတဲ့ အိမ်ကလေး
Детектив / ТриллерWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...