အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (6)
စိုင်းထက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရာမှ နိုးလာခဲ့သည်။ နားထဲတွင် သံကြိုးရှည်ကြီးကို တရွတ်တိုက်ဆွဲသည့် အသံကြားသဖြင့် အိပ်ချင်စိတ်ပျောက်ပြီး မျက်စိကျယ်လာခဲ့သည်။ ထိုအသံက တိတ်ဆိတ်သည့် ညအချိန် အတော်လေးကို ကျယ်နေဖြင့် ခြံထဲသူခိုးဝင်သလားဆိုပြီး အိပ်ယာမှထလိုက်သည်။ အသံက ခွန်ပိုင်နှင့် မိမိတို့ခြံအစပ်နား ထင်းဂိုဒေါင်မှ လာသဖြင့် တုတ်တချောင်းကိုင်ပြီး ခြံထဲဆင်းလာခဲ့သည်။ အိမ်ဘေးမီးကိုဖွင့်လိုက်သောအခါ ခြံထဲ အတော်အသင့်ဖြာကျသွားခဲ့သည်။ အသံကြားသည့်နေရာတွင် မည်သူမှ မရှိသလို အသံအားလုံးလည်း တိခနဲ ပျောက်သွားခဲ့သည်။ စိုင်းထက် မကျေနပ်သဖြင့် ထိုနေရာတ၀ိုက်သေချာပတ်ကြည့်သော်လည်း မြေပြင်တွင် မည်သည့် ချိန်းကြိုးလည်းမရှိ၊ စွပ်ကြောင်းလည်း မရှိပေ။ ထိုစဉ် ကြက်သီးဖြန်းခနဲထလာပြီး စိုင်းထက် အိမ်ထဲ အမြန်ပြန်ဝင်ခဲ့သည်။အိပ်ယာထက် ကျောချကာ အိပ်ပျော်မည်အပြု ထိုချိန်းကြိုးအကြီးကြီးကို တရွတ်တိုက်ဆွဲသည့် အသံက ထပ်ပြီးထွက်လာပြန်သည်။ ဒီတစ်ခါ စိုင်းထက် မီးမဖွင့်ပဲ တံခါးကို အသံမကြားအောင်ဖွင့်ကာ ခြံထဲ တိတ်တိတ်ဆင်းလာခဲ့သည်။ အသံက ဆက်လက်ကြားနေရဆဲဖြစ်သည်။ သေချာတာက ထင်းထားသည့် ဂိုဒေါင်နားတွင် အသံပိုကျယ်သည်။ စိုင်းထက် ထိုနေရာကို တိတ်တိတ်ကပ်လာတော့ နှာခေါင်းထဲ ထူးဆန်းသည့် အနံ့တမျိုးကို ရလိုက်ပြီး သက်ပြင်းချသံလေးလေးကြီးကို ကြားလိုက်ရသည်။ ထင်းဂိုဒေါင်ဘေးတွင် မည်းမည်းအရိပ်တစ်ခု တစ်စုံတရာကို လိုက်ရှာသည့်နှယ် ဟိုသည် ကုန်းကွနေသည်။ မြင်ကွင်းက မြူဆိုင်းသည့်ကြားမှ လူရိပ်ကို မြင်နေရသလိုပင်။
သံချိန်းကြိုးကြီးက သူ့လက်နှစ်ဖက်တွင် တန်းလန်းကျကာ မြေပေါ်တရွတ်တိုက်နေသလိုပင်...။ စိုင်းထက် မြင်လိုက်ရသည့် အရိပ်ကို မယုံနိုင်ဖြစ်ကာ ခေါင်းကြီးသွားပြီး မလှုပ်နိုင်အောင်ဖြစ်နေမိသည်။ အနံ့စူးသည့် ကန့်နံ့နှင့် သံချိန်းကြိုး တရွတ်ဆွဲနေသည့် မည်းမည်းအရိပ်ကြီး.... စိုင်းထက် ချွေးအေးအေးများ ကျောတလျှောက်စီးကျသွားစဉ် မီးရောင်ဖြာကျလာပြီး နိုင်နိုင်း၏ အသံကိုကြားလိုက်ရသည်။
YOU ARE READING
အသက်ဝင်နေတဲ့ အိမ်ကလေး
Mystery / ThrillerWritten By- May King အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်...