အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (8)

975 141 23
                                    

အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (8)

“မင်းရဲ့အိမ်ထဲမှာ မကျွတ်မလွတ်တဲ့သူတွေ များလှချည်လား….အမ်… မိသားစုက နှစ်စု၊ ပြီးတော့ အဖွားကြီးက တစ်ယောက်…။ မင်းရဲ့ကြောင်ကို ပူးနေတဲ့ ကောင်မလေးက တစ်ယောက်…”

ညောင်ညောင်ဆရာသည် အိမ်ပေါ်ကို တချက်ဝေ့ကြည့်ကာ ပြောလိုက်တော့ စ၀်ခွန်ပိုင် ခေါင်းကြီးသွားခဲ့သည်။ ပရလောကသားများကို မိမိမြင်ရသည်ဆိုသော်လည်း ဒီအိမ်မှာ ရှိနေသည့် ၀ိဥာဉ်များကို မိမိဘာကြောင့်မမြင်ရတာလဲ။

“ကျွန်တော် ဘာကြောင့်မမြင်ရတာလဲ။ သူတို့က အင်အားပိုကြီးလို့လား….”

“မဟုတ်ဘူး။ သူတို့က ဒီအိမ်ရဲ အစိတ်အပိုင်းတွေဖြစ်နေလို့။ မင်းရဲ့အဖွား စောမေသီရိက ဒီအိမ်ကိုဆောက်တော့ အိမ်ဟောင်းတကာက ရှေးဟောင်းလက်ရာမြောက်တာတွေကို တကူးတကစုဆောင်းပြီး ပြန်သုံးခဲ့တယ်။ အဲ့အစိတ်ပိုင်းတွေရဲက ပိုင်ရှင်တွေရဲ့ဝိဥာဉ်က တွယ်ကပ်နေတဲ့ဟာတွေဖြစ်တော့ သူတို့က ဒီအိမ်နဲ့တသားတည်းဖြစ်သွားပြီး မင်းကို မမြင်စေချင်ရင် မင်းမတွေ့အောင် ပုန်းနေနိုင်တာပေါ့…. အင်း… ကြည့်ရတာ… သူတို့က ဆိုးဝါးတဲ့သူတွေ မဟုတ်ကြပါဘူး… စိတ်ပူစရာက ခြံထဲက ကြောင်မှာပူးနေတဲ့ ကောင်မလေး…”

မိမိနှင့်ရေစက်လာဆုံပြီး နှင်ထုတ်သော်လည်း မသွားပဲ အတူနေသည့် တောင်စောင့်ဝံပုလွေ နတ်က အစွမ်းထက်မြက်ပုံရသဖြင့် တော်သေးသည်ဟု တွေးကာ စ၀်ခွန်ပိုင် သက်ပြင်းရှိုက်မိသည်။

“သူတို့ကို ကျွတ်အောင်လုပ်ပေးလို့မရဘူးလား….”

ညောင်ညောင်ဆရာသည် စ၀်ခွန်ပိုင်ကို မျက်လုံးမှေးကြည့်ပြီး စူးစမ်းဟန်ဖြင့်မေးခဲ့သည်။

“မင်းက ဘာကြောင့် ၀ိဥာဉ်တွေကို ကူညီချင်တာလဲ။ အဲ့လိုလုပ်လို့ မင်း ဘာအကျိုးရှိမှာမို့လဲ….”

“သူတို့က သေသွားပြီးပြီပဲ။ ဒီနေရာမှာ သူတို့တွယ်ကပ်နေတယ်ဆိုတာ တခုခု မပြီးဆုံးတဲ့အလုပ်ရှိနေလို့မဟုတ်လား။ သူတို့စိတ်မဖြောင့်တာကို ကူညီပေးရင် သူတို့စိတ်အေးသွားပြီး ကျွတ်လွတ်သွားစေချင်လို့ပါ… ”

အသက်ဝင်နေတဲ့ အိမ်ကလေးМесто, где живут истории. Откройте их для себя