အခန္း (၁၆)

5.1K 840 168
                                    

ဆရာဝန်ကြီးအိမ်လာတိုင်းအတူပါလာတတ်သည်မို့ ထိုအိမ်က driver ဦးလေးကြီးနှင့် Luhan တို့ရင်းနှီးပါသည် ။ Luhan လက်တစ်ဖက်ဆီကိုကျစ်ကျစ်ဆုပ်ရင်း ငိုမဲ့မဲ့မျက်နှာငယ်လေးတွေဖြစ်နေသော Jongin နဲ့ Jongdae ကို ဦးလေးကြီးလက်ထဲအပ်မိသည် ။

'' သူတို့ကိုတစ်ခုခုဝယ်ကျွေးပြီးအပြင်မှာခဏနေခိုင်းပေးပါလား ဦးလေး . . ဒီမှာပဲဆက်နေရင်ပိုအားငယ်နေကြမှာစိုးလို့ စိတ်ပြောင်းသွားအောင် ရေခဲမုန့်ဆိုင်ပဲဖြစ်ဖြစ်ခေါ်သွားပေးပါ ''

ပုံမှန်ဆိုအတွန့်တက်ရမှကျေနပ်သည့် အမြွှာက ဒီတစ်ခါတော့ Luhan ကိုလှည့်တကြည့်ကြည့်နဲ့ပဲတိတ်တိတ်ဆိတ်ဆိတ်လိုက်ပါသွားကြသည် ။ ကလေးတွေစိတ်ထဲမှာ မေမေအခုလိုဖြစ်နေချိန်ဆိုတော့ အစ်ကိုအကြီးဆုံးကိုသာ ခေါင်းဆောင်နေရာတင်ပြီး စကားနားထောင်ရမည်ဟုအလိုလိုတွေးမိကြပုံရသည် ။

စင်္ကြန်အချိုးအကွေ့တစ်နေရာမှာ ကလေးတွေနဲ့ဦးလေးကြီးပျောက်ကွယ်သွားတာနဲ့ နံရံနှင့်ကပ်ထားသည့်အစိမ်းရောင်ခုံတန်းတွဲလေးမှာ Luhan ထိုင်ကျသွားရသည် ။ ထိုင်ချလိုက်တာမဟုတ် ။ တဆတ်ဆတ်တုန်ကာ ခန္ဓာကိုယ်ကိုဘယ်လိုမှမသယ်ဆောင်မထောက်ကူနိုင်တော့သည့် ခြေထောက်နှစ်ဖက်က ဒူးမှစကာခွေကနဲပျော့ကျသွားသည်မို့ လူကအနားမှာရှိနေသည့်ခုံပေါ်အလိုလိုထိုင်လျက်သားဖြစ်သွားရခြင်း ။

အကယ်၍များဒီခုံတွေသာရှိမနေဘူးဆိုရင် Luhan နံရံကိုမှီလျက်ပဲဖြစ်ဖြစ် စင်္ကြန်လမ်းပေါ်မှာပဲဖြစ်ဖြစ်ပုံလျက်သားလဲနေတော့မှာသေချာပါသည် ။

အဲ့ဒီလောက်ထိအားကုန်အားပျက်ဖြစ်ရပါ၏ ။ ရင်ဘတ်ထဲက ကလီစာတွေအကုန်ဆွဲထုတ်ကာဗလာသက်သက်ကြီးပြန်ချုပ်ပေးခံထားရသလို ရင်ထဲမှာဟာနေသည် ။

လူတစ်ကိုယ်လုံးကအဆုံးအစမရှိသည့် အမှောင်ထုထဲကျရောက်နေရသလို ပိတ်ပိတ်ပိန်းကာအစပျောက်နေရပါသည် ။ ဘာလုပ်ရမှာမှန်းမသိ ။ ဘယ်ကိုရောက်နေမှန်းမသိ ။ဘယ်ကိုသွားရမှာမှန်းမသိ ။ ဘာဖြစ်လာမှာမှန်းမသိ ။

'' ဆေးရုံကားလွှတ်လိုက်ပြီ ခွဲခန်းအသင့်ပြင်ပြီးစောင့်နေမယ် ချက်ချင်းလာခဲ့ '' ဟူသည့်ညွှန်ကြားမှုတစ်ခုအတိုင်း နောက်ကလိုက်လုပ်ခဲ့ပေမယ့် ဘာဖြစ်နေတယ်ဆိုတာ Luhan အခုထိမသိသေးပါ ။

အချစ်၏နာမတော်အားဖြင့်||completed||Donde viven las historias. Descúbrelo ahora