အပိုင်း(၁၃)
3.6K 388 61
မိုးတွင်းကာလဖြစ်၍ ဗွက်ထနေသော မြေကြီးကိုဖြတ်ပြီး အိမ်ထဲဝင်နိုင်ရန် ခင်းထားပုံရသော အုတ်ခဲအကျိုးအပဲ့ လေးတွေကို ခြံဝန်းအစကနေ ဖိနပ်ချွတ်နေရာအထိ တွေ့ရသည်။ မြေကြီးထဲသို့ပင် မြှုပ်ဝင်နေသော အုတ်ခဲအပိုင်းအစတွေပေါ်ကနေ နင်းလျှင်လည်း မထူးပါဘူးဆိုသည့်အတွေးနှင့် စီးထားသည့် ရှူးဖိနပ်ကို ပေးမှာကြောက်မနေတော့ဘဲ ဗွက်ထဲကပင် ဖြတ်လျှောက်လိုက်သောအခါ နန္ဒသွေးထံမှ အားတုံ့အားနာအကြည့်တွေကို မြင်လိုက်ရသည်။
အားနာသည် ဆိုတာထက် ကျွန်တော့ကိုရဲရဲမကြည့်ရဲသည့် သူ့ပုံစံက မတူညီသောနေထိုင်မှုပုံစံနှစ်မျိုးကို ယှဉ်မိပြီး သိမ်ငယ်နေပုံရသည်။
အမှန်အတိုင်းဝန်ခံရရင် နန္ဒသွေးနေတဲ့နေရာက ကျွန်တော့အတွက် တော်တော်လေးကို အဆင်ပြေမနေ။ အသန့်ကြိုက်တတ်သည့်ကျွန်တော်၊ ဖိနပ်ကိုဗွက်ပေဖို့ မပြောနှင့် သဲတစ်မှုန်တင်လျှင်တောင် အလိုမကျတတ်သည့် ကျွန်တော်သည် နှုတ်မှ အပြစ်တင်စကား ထွက်တော့မည့် ဆဲဆဲကို သူ့ကြောင့် ထိန်းချုပ်ခဲ့သည်။ ဒီကြားထဲ ပေကျံနေတဲ့ ကျွန်တော့ရှူးဖိနပ်အဖြူဆီ သူ့အကြည့်ရောက်လာသောအခါ ဖုံးကွယ်လို့မလုံသည့်ဖိနပ်အစား အထဲကခြေချောင်းတွေ ကိုသာ ယောင်ယမ်းပြီး ကုတ်ထားမိသည်။
ဖိနပ်ချွတ်ဘေးကနေရာတွင် စဥ့်အိုးတစ်လုံးရှိသည်။ အိမ်ထဲမဝင်ခင် ခြေထောက်ဆေးသည့်နေရာ ဖြစ်မည်ထင်။ နန္ဒသွေးက ကျွန်တော့ကို ထိုနေရာသို့ခေါ်နေသည်မို့ သွားမည်အပြု ကားပေါ်ကဆင်းပြီး အိမ်ထဲကြည့်လိုက် ကတည်းက သတိပြုမိခဲ့သော မျက်လုံးနီနီနှင့်လူပုဂ္ဂိုလ်က နန္ဒသွေးအနားသို့ ကျွန်တော်ရောက်ခါနီးမှ အိမ်ထဲကထွက်လာသည်။
ထိုလူကြီးနှင့် ကျွန်တော်တိုက်မိမလို ဖြစ်သွားသောကြောင့် နီးနီးကပ်ကပ်ဖြစ်နေသော သူ့မျက်နှာကို သေချာ အကဲခတ်ကြည့်မိသလို၊ နန္ဒသွေးကိုပါ ကြည့်လိုက်မိသောအခါ တစ်ခုခုက မူမမှန်။ အဖြူနှင့်အမည်းရောနှောပေါက်နေသော မုတ်ဆိတ်မွှေးငုတ်တိုကို လက်နှင့်တစ်ချိန်လုံး ထိကိုင်နေသည်။  နံရိုးတွေကိုပါ မြင်နေရသည်အထိ ပိန်လွန်းလှသောလူကြီးမှာ မိဘအရွယ်ဖြစ်နေသော်လည်း နီမြန်းနေသော သူ့မျက်လုံးတွေနှင့် သူ့ကိုယ်မှရနေသော အရက်နံ့ကြောင့် လေးစားမှုတွေပျောက်ကာ စိတ်ထဲမှအပြင်းအထန် ရှုတ်ချနေမိသည်အထိ။