အပိုင်း(၁၂)(Unicode)
2.3K 207 2
ကုမ္ပဏီဝင်းထဲသို့ ခြေလှမ်းလာသည်နှင့် နေဝေသော်၏ ကားအနက်ရောင်လေးက ခရီးဦးကြိုပြုနေသည်ကို မြင်လိုက်ရသဖြင့် ခပ်သွက်သွက် လျှောက်လာခဲ့သည်။ ကုမ္ပဏီမှပေးထားသော ဖုန်းကလေးသည် အရင်ဖယ်ရီမောင်းကတည်းကနေ အခုထိ လက်ထဲတွင် ရှိနေသေးသည်မှာ နေဝေသော်ကို ကျေးဇူးတင်ရမည်ဟု ပြောသင့်သလိုပင်။
လက်ပတ်နာရီပင်မရှိသော ကျွန်တော့အတွက် Nokiaဖုန်းလေး၏ မျက်နှာပြင်သေးသေးက ဖုန်းပြောရန်အတွက်တစ်မျိုး၊ နာရီကြည့်ရန်အတွက်တစ်မျိုး အသုံးဝင်သည်။
နေဝေသော်က လာချင်တဲ့အချိန် လာလို့ရသည်ဟု ပြောခဲ့သော်လည်း ဝန်ထမ်းတွေကို ကြိုပို့လုပ်သည့်အတိုင်း စောလာခဲ့သည်ကိုပင် ဖုန်းတဂွမ်ဂွမ်ဆက်နေသည့်အပေါ် ကျွန်တော်များနောက်ကျနေ၍လားအထင်နှင့် နာရီကြည့်မိခဲ့သည်။ သို့သော် ကုမ္ပဏီရောက်လာတော့ပင် ကိုးနာရီမထိုးတတ်သေး။
စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်လုပ်နေသလားဟု တွေးခဲ့မိပေမယ့် မကြာသေးသော ဖွင့်ဟဝန်ခံချက်တစ်ခုကို သတိရမိသောအခါ ကိုယ်ချင်းစာတတ်ခဲ့သည်။
ကျွန်တော်ဆိုလည်း ရည်မွန့်မျက်နှာကို
မျက်စိနှစ်လုံးပွင့်တာနဲ့ မြင်ချင်နေမိတာအမှန်....။
.
.
.
ကားထဲတွင် လူရှိ၊မရှိ အဝေးမှလှမ်းကြည့်ရုံနှင့် မမြင်ရသည်မို့ ယာဉ်မောင်းသူဘေးဘက်ပြတင်းပေါက်နားကပ်၍ ချောင်းကြည့်မိသောအခါ လန့်စရာလူသားတစ်ဦးကို မြင်လိုက်ရသည်။ မျက်တောင်မခတ်ဘဲ ပြုံးပြုံးကြီးကြည့်နေသည်ကို မသိဟန်ဆောင်ရင်း တံခါးဖွင့်ပေးရန်ပြောလိုက်သော်လည်း လုံးဝမလှုပ်လာ။
ခဏကြာတော့မှ တဖြည်းဖြည်းအောက်ကျလာသော မှန်တံခါးနောက်ရှိ လူပုဂ္ဂိုလ်သည် အသည်းယားစရာစကား တစ်ခွန်းကို ဘာမှမဖြစ်သလိုပင် ပြောခဲ့ပါသည်။
"ဒီလိုစတိုင်က လူတိုင်းဝတ်နေကျ ပုံစံမျိုးပဲ...နန္ဒသွေး...
ဒါပေမဲ့ မင်းနဲ့မှ အရမ်းလိုက်ဖက်လွန်းနေတယ်..."
နားထဲသို့ အဆင်မပြေစွာ တိုးဝင်လာသောစကားသံ။
အသက်နှစ်ဆယ်ပြည့်ကာမှ ပထဆုံးကြားခဲ့ရသော စကားတစ်ခွန်းကြောင့် အနေမတတ်ဖြစ်နေရသည် ဆိုသော်လည်း ရွှန်းရွှန်းစားစားကြည့်နေသော အကြည့်တစ်စုံကြောင့် အဆင်မပြေဖြစ်နေသည်ဆိုလျှင် ပိုမှန်လိမ့်မည်။