Color 12(Childhood Memories)

3 0 0
                                    

ရေကြီးနေတဲ့သတင်းတွေမြင်ရကြားရတော့ ဘာရယ်မဟုတ် စိတ်က အိမ်ကိုပြန်ပြေးသွားတယ်။
အမေကလည်း ဖုန်းဆက်တုန်းကပြောတယ် ရေတိုးနေပြီတဲ့။ အခုချိန်ရေတိုးတာက ဘယ်လိုမြင်ကွင်း ဘယ်လိုမြစ်ကြောင်းဖြစ်နေမယ်ဆိုတာမသိတော့ဘူး။ရေတိုးချိန်ကိုအိမ်ပြန်မရောက်ဖြစ်တာ ငါးနှစ်ရှိပြီကိုး။

သူငယ်တန်းလောက်တုန်းက နေတဲ့အိမ်က ရွာဦးက (အရပ်အခေါ် တောဘက်တန်းရပ်ကွက်ပေါ့) ရပ်ကွက်ထဲမှာနေတာ ။ ဟိုးအထက်ဘက် ရွှေလီချောင်းက ရေတွေနဲ့ ဟင်္သာချောင်းကရေတွေ မြစ်ထဲဝင်ပြီဆိုရင် တောဘက်တန်းကိုပါရေအများကြီးရောက်ပြီ။

အိမ်က အတော်လေးမြင့်ပါတယ် . . ဒါပေမဲ့ ရေတိုးပြီဟေ့ဆို အိမ်ကြမ်းပြင်နားအထိပါရေရောက်တယ်။ အိမ်တိုင်ထောင့်ပေါက်တွေကနေ ချောင်းကြည့်ရင် ငါးလုံးတွေ ကူးနေတာကိုအတိုင်းသားမြင်နေရတာ။ ညနေဆို အဖိုးနဲ့အမေနဲ့ကိုခေါ်ပြီး ပိန်းကောမလှေလှေးစီးပြီး တစ်ရွာလုံးကိုပတ်တော့တာပဲ။ ငါးပေါက်စလေးတွေဆို တဖျပ်ဖျပ်နဲ့ လှေပေါ်တက်တက်လာတာ။

ကျောင်းသွားရင်လည်း ကျွန်တော်ရယ် အိမ်မျက်စောင်းထိုးကသူငယ်ချင်းရယ် ငါးအိမ်ကျော်လောက်ကသူငယ်ချင်းရယ်ကို အဘိုးပဲ လှေတစ်စီးနဲ့အပို့အကြိုလုပ်တာ။ ကျောင်းသွားရင်း ကြာပန်းတွေလှမ်းဆွဲပြီးခူးခဲ့ရတာကလည်း ငယ်ဘဝရဲ့အရသာတစ်မျိုးပဲ။

နောက်ငါးတန်းခြောက်တန်းလောက်ကကျ  မြစ်ဘေးကအဘွားတို့ညီအစ်မခြံမှာ သွားနေရတာ။ ရေတိုးချိန်ဆို မြစ်ရေပြင်ကြီးက ဝါညစ်ညစ်ကြီး။ ရှိသမျှဒိုက်သရောပေါင်းသောင်းခြောက်ထောင်က ဆက်တိုက်ကိုမျှောလာတာ။ အဲ့လိုအချိန်မျိုးဆို လူကြီးတွေရဲ့ ရေနွေးကြမ်းစကားဝိုင်းမှာ ဘယ်အကြောင်းအရာတွေပါလာတတ်သလဲဆိုရင် .... ဘယ်သူ့အိမ်နောက်မှာ ငါးရွေးအောင်းနေလို့ တို့ ... ဘာနေ့သားသမီးရေထဲဆင်းရင် စားပစ်မှာတို့ . . အဲ့တာတွေအမြဲကြားနေရတာ ရိုးလည်းမရိုးသွားခဲ့ဘူး။

ညနေစောင်းဆို ဟိုတစ်ဖက်ကမ်းမြစ်ကြောင်းဘက်မှာရယ် မြစ်လယ်ဘက်မှာရယ် လင်းပိုင်တွေဆိုတာ အုပ်လိုက်ကြီးပဲ ပေါ်ပေါ်လာတတ်တယ်။ ကိုယ်တစ်ခါမှမစီးဖူးသေးတဲ့ သဘောင်္ဆိုတာကြီးတွေကိုက ခြံရှေ့ပြေးပြေးကြည့်ရတာအမော။ သဘောင်္ပေါ်ပါပါလာတဲ့ နိုင်ငံခြားသားတွေကိုမြင်ပြီးရင် အသားဖြူ တဲ့အကြောင်း ချီးမွမ်းခန်းဖွင့်လို့ကိုမဆုံးတော့ဘူး ကိုယ့်မှာ။

အဘွားမရှိတုန်း မြစ်ရေထဲခိုးဆင်းချိုးပြီးရေနစ်ရတာကလဲ ဘယ်နှခါမှန်းတောင်မမှတ်မိတော့ဘူး။ မှတ်မှတ်ရရရှိနေတာက အဘွားက ရွာလမ်းမဘက်ကဦးလေးအိမ်မှာ နေပူစာသွားလှုံနေတုန်း သူငယ်ချင်းနဲ့ အိမ်ရှေ့မှာလာရပ်ထားတဲ့မော်တော်နောက်မြီးပေါ်ရေတက်ချိုးရင်း ငြိမ်ငြိမ်သက်သက်ကြီးရေနစ်သွားတာပဲ။ နစ်နေတာလား ဘာဖြစ်နေတာမှန်းတောင်မသိလိုက်ဘဲ နစ်သွားသေးတာ။ ရေခပ်ချိုးတဲ့ဖလားခွက်ကြီးလည်းမြှုပ်သွားတာပဲ။

ညညတွေဆို တောင်လေတဝုန်းဝုန်းတိုက်နေတဲ့ကြားကနေ ခေါင်းရင်းမန်ကျည်းပင်က မန်ကျည်းသီးတွေ တဖြုတ်ဖြုတ်ကြွေတဲ့အသံရော မြစ်ရေတဝေါးဝေါစီးနေသံရောကြားနေရတာက အိပ်ရာဝင်တေးသွားပဲ။

ရေပြန်ကျပြီး သဲသောင်နဲ့မြေနုကျွန်းပေါ်လာပြီဆိုရွာကလူတွေက ဒီဘက်ကမ်းနဲ့မြေနုကျွန်းကိုတံတားထိုးကြတာ။ အဲ့ကနေ ကျွန်းပေါ်သွားပြီး မြူ ရွက်တို့ဆီးသီးတို့အမြဲသွားခူးနေကျပဲ။ ညနေဆို အိမ်ရှေ့နေကြာခင်းထဲကနေဖြတ်ပြီး သဲသောင်ပေါ်က အလေ့ကျပေါက်တဲ့ရေမုန်ညင်းပင်ဝါဝါတွေကြား မြေးအဘွားနှစ်ယောက်အမြဲလမ်းလျှောက်ဖြစ်တယ်။
ခုကျ အဘွားလည်းမရှိတော့သလို ကိုယ်တိုင်ကလည်း အမေ့အိမ်ကောင်းကောင်းမပြန်ဖြစ်တော့ဘူး။ ရွာမှာရေတိုးချိန်က ဒီမှာကျောင်းဖွင့်ချိန်ဆိုတော့ ရေတိုးတာကိုမမြင်ရတော့ဘူး။

စိတ်မှန်းနဲ့ပဲ ဘယ်နားကတော့ဘယ်လိုဖြစ်နေရောပေါ့ဆိုပြီး မြင်ယောင်ကြည့်နေရတယ်။ အခွင့်ကြုံလာသေးရင်တော့ ပိန်းကောမလှေကလေးနဲ့ရွာတစ်ပတ်ပတ်စီးချင်ပါသေးတယ်။

The Real MeWhere stories live. Discover now