ညနေက မိုးရွာပြီးစအချိန် နေလေးနည်းနည်းပွင့်လာတော့ မဖြိုးနဲ့အတူ မန်းချယ်ရီအဆောင်ရှေ့ အဓိပတိလမ်းမှာအတူလျှောက်ဖြစ်တယ်။ နှစ်ယောက်သား အေးဆေးလျှောက်ရင်းနဲ့ စကားပြောကြမယ်ဆိုပြီးတော့ပေါ့။ အချစ်ခံလူတန်းစားတွေအကြောင်း စကားနည်းနည်းစပ်မိတယ်။ မနေ့က သူငယ်ချင်းက ideal typeတွေအကြောင်းstatusတွေတင်နေတာလည်းတွေ့တယ်။
မဖြိုးက ကိုယ့်ထက်အသက်လည်းပိုတယ်။ အသိလည်းပိုတယ်ဆိုတော့ သူ့အတွေးအခေါ်တွေသိချင်တော့ ကိုယ်က စ,မေးလိုက်တာ။
"လူတစ်ဦးတစ်ယောက်ကိုသဘောကျနေမိရတာမျိုးဟာ ကိုယ့်ရွေးချယ်မှုလား ကံတရားက နေရာချထားပေးတာလား မဖြိုး...ပြီးတော့ အဲ့ဒါက ideal typeတွေနဲ့ဆိုင်လောက်လား"
"ဘာကိုဆိုလိုချင်တာလဲအဲ့ဒါက"
"ဒီလိုဗျာ . . အခု ကျွန်တော်တို့တွေက တစ်ယောက်ယောက်ကိုချစ်မိနေကြတယ်လေ . . ဥပမာ . . ကျွန်တော်ဆို ငယ့်ကိုပေါ့ အစ်မလည်းသိပြီးသားပဲ ဒါ...အဲ့တော့ အခုက သူပြန်ချစ်ချစ်မချစ်ချစ် ကျွန်တော်က ချစ်နေရတာပဲလေ . . .
ဒါဆိုရင် ကျွန်တော်သူ့ကိုချစ်နေရတယ်ဆိုတာ ကျွန်တော့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုလား . . . ဒါမှမဟုတ် ကံတရားက 'မင်း သူ့ကိုချစ်ကိုချစ်ရမယ်'ဆိုပြီးနေရာချထားပေးလို့ ကျွန်တော်က ချစ်မိခဲ့ရတာလား"
ကျွန်တော်ပြောရတာနည်းနည်းမောသွားတော့ ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ရင်း လမ်းလျှောက်ခြင်းကိုအာရုံစိုက်လိုက်သည်။
"ကံတရားက နေရာချထားပေးတာပါ ပြီးတော့ အဲ့ဒါတွေက ငါတို့အကြိုက် ideal typeတွေနဲ့ဆိုင်ချင်မှဆိုင်တာ"
မဖြိုးကတော့အဲ့လိုပြန်ဖြေတယ်။ ကျွန်တော်ခြေလှမ်းတွေတုံ့ဆိုင်းသွားသေးသည်။ သို့သော်ဘာမျှဆက်မပြောဖြစ်တော့ဘဲ ကျောင်းဝင်းထဲကအပင်တွေအကြောင်း ဝန်ထမ်းအိမ်ရာတွေအကြောင်းထွေရာလေးပါးတွေသာ ပြောဖြစ်ရင်း လမ်းတစ်ဆုံးလျှောက်လိုက်ကြတယ်။
အဆောင်ကအခန်းထဲပြန်ရောက်တော့တွေးစရာတွေက ပါလာပြီ။ မဖြိုးပြောသလိုဆို ငယ့်ကိုကျွန်တော်ချစ်နေရတာက ကျွန်တော့်ရွေးချယ်မှုမဟုတ်ဘူးပေါ့ ။ ကံတရားကအမိန့်ပေးလို့သာ ကျွန်တော်က မလွှဲသာမရှောင်သာချစ်မိခဲ့ရတာပေါ့။ ဟုတ်လောက်မယ်။ ကံတရားကနေရာချပေးထားတာဖြစ်ဖို့များတယ်ရယ်။ ကံတရားက ကျွန်တော်တို့အပေါ်လွှမ်းမိုးနိုင်လွန်းသည်ပဲကိုး။