စတုတ္ထမြောက်သတို့သမီးက
ဒဏ်ရာပရပွနဲ့။ကြုံရင်ကြုံသလို နားထင်နားရင်းက ထိုးကိုက်လိုက်
ညာပုခုံးက လစ်ရင်လစ်သလို အရိုးအဆစ်လွဲလိုက်နဲ့
ငါတို့ရဲ့စတုတ္ထမြောက်သတို့သမီးဟာ
နာတာရှည်လူမမာသာသာ။ငါတို့ငယ်ငယ်က ညညဆိုအပြင်မထွက်ရဲကြဘူး
လူကြီးတွေပြောတဲ့
"ကလေးဖမ်းတဲ့ဈေးသည်"ကို ကြောက်တယ်။ဟိုးမကြာသေးတဲ့နှစ်တွေမှာ ညနေဆိုအပြင်မထွက်ရဲဘူး
လူငယ်တွေပြောတဲ့
"လူမိုက်"ကို ကြောက်တယ်။အခုနှစ်တွေမှာ နေ့လည်ပါအပြင်မထွက်ရဲတော့ဘူး
လူတကာပြောတဲ့
"လူရမ်းကား"ကို ကြောက်တယ်။
သတိအထပ်ထပ်ကပ်နေလျက်နဲ့
နားထင်ကိုကျည်သင့်လိုက် နောက်စေ့ကို ခဲမှန်လိုက်နဲ့
ကိုယ့်မြို့ကိုယ်နေပြီး
အလုပ်အပြန် အိမ်ကိုပကတိပြန်ရောက်ဖို့
ဆိုင်ကယ်ခွရင်း သံဗုဒ္ဓေရွတ်နေရ။ရုပ်ရှင်ဝတ္ထု ဟာ ဖျော်ဖြေရေးသက်သက်ပဲ
အသိပေးတိုင်းမထိရောက်တဲ့ငါတို့တိုင်းပြည်မယ်
ဟိုကျောင်းသူလေးနစ်နာလိုက် ဒီကလေးလေးနစ်မွန်းလိုက်နဲ့
တစ်ရက်ကို24နာရီလောက်က
မိဘတိုင်းခမျာ ပူပန်လောင်မြိုက်နေကြ။လေးတဲ့ခဲလုံးဟာ ရေပေါ် ပေါ်ရိုးထုံးစံမရှိဘူး
အဲ့သလိုပေါ့
ကြီးတဲ့အမှုဟာ (လက်သည်)ပေါ်မလာတော့ဘူး
နစ်နာသူတွေ ငိုကြွေးနေပစေပေါ့
ကျင့်ဝတ်နားမလည်တဲ့ကောင်က
ရိုင်းချင်သမျှစိုင်းပြီးတိုင်း
လူ့အခွင့်အရေးကို ခုတုံးလုပ်စမြဲပဲ။ရပ်ကွက်ထဲဆဲရင် လူကြားတယ်
ငါခံယူထားတဲ့သိက္ခာမပွန်းပဲဖို့
facebookပေါ်ပဲ တက်တက်ဆဲမယ်
ဘယ်ကောင်ဘာလုပ်မလဲ?
ငါဟာ အပြစ်ရှာဖို့အသင့်
မင်းတို့လည်းထောက်ခံမှာပါ
ကိုယ့်ထမင်းကိုယ်စားပြီးသူများကိုထိုင်ဆဲရတာဟာ
ဘာနဲ့မှမလဲနိုင်တဲ့အရသာပေါ့ကွာ။ဓာတ်ကြီးလေးပါးမညီတဲ့မြို့ရွာတွေဟာ
ကုန်ဈေးနှုန်းနဲ့အပြိုင် ဖျားနာကြ။
နိုင်ငံ့အိပ်မက်ဟာ ရုပ်လုံးမကြွသေးခင်
ကောသလ္လမင်းအိပ်မက်16ချက်က အသက်ဝင်နေပြီ
ဘာတွေက မညီမျှနေလည်းမသိပေမဲ့
ငါတို့ရဲ့စတုတ္ထမြောက်သတို့သမီးက
ဒဏ်ရာဗရပွနဲ့။ငါတို့ရဲ့ စတုတ္ထမြောက်သတို့သမီးဟာ
နာတာရှည်လူမမာသာသာ။