စိတ်ရှိတိုင်းနှုတ်ခမ်းနီဆိုးဖို့ ကျွန်တော်လန့်တယ်
ပါးကွက်လှလှလေးကွက်ဖို့လည်းကျုပ်လန့်သလို
ပုဆိုးဝတ်ချင်တဲ့စိတ်ကိုလဲ ကျွန်မမေ့ထားရတယ်။
နှုတ်ခမ်းနီဟာ ဣတ္ထိယအတွက် . .
ပုဆိုးဆိုတာ အတောင်နှစ်ဆယ်ဝတ်ပုရိသတွေအတွက် . .
ဒါ. . လူတွေကိုယ်တိုင်ပေးထားတဲ့စည်းမျဉ်း။ကျွန်တော်ချစ်တဲ့လူက ယောက်ျားဖြစ်နေခဲ့ရင်
အဲ့တာဝဋ်နာကံနာပါလာတာပဲ
ကျွန်မရည်းစားက မိန်းမဖြစ်နေခဲ့ရင်ကော?
အဲ့တာ ဗီဇမှားတာပဲ။
ဟုတ်သည်မဟုတ်သည် ကိုယ်မသိပါဘူး
ကိုယ်တို့နိုင်ငံsocietyက ဒီလိုပဲသတ်မှတ်ထားလို့။မိန်းမလျာကို နှိမ်တဲ့ဇာတ်ကားကို
ဟာသ လုပ်ရယ်တဲ့နိုင်ငံမှာ ကိုယ်နေတယ်
ကိုယ်မှမဟုတ်ရင် နားလည်ပေးဖို့မလိုဘူးဆိုတဲ့
လူ့အဖွဲ့အစည်းကြားမှာ ကိုယ်တွေရှင်သန်နေရတယ်။
ငါ့သားသမီးသာဒါမျိုးဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးမထားနိုင်တဲ့
တစ်ချို့အမေတွေက ကြောက်ဖို့ကောင်းတယ်
သူ့သားသမီးမဟုတ်တော့ တစ်ပါးသူကိုနှိမ်လိုက်ပုံများ။စကားလုံးတွေက လူသတ်နိုင်တယ်
ကိုယ့်ထမင်းကိုယ်စားပြီး
သူများကိုသတ်နေတဲ့ လျှာတွေရှိတယ် . .
မင်းကတော့ မတော်တဆပဲ
ဒီလူမှာတော့ ဘဝတွေကိုပျက်လို့။လူထဲကလူလို့မြင်ခံရဖို့ဘယ်စံနှုန်းတွေလိုအပ်နေလို့လဲ
လူပီသဖို့အရေး
ငါဟဲ့ယောက်ျားဆိုပြီး လက်သီးလက်မောင်းတန်းပြရမလား
လူကောင်းလို့အထင်ခံရဖို့
အချိန်တိုင်းသိမ်မွေ့နူးညံ့ပြနေရမလား
သူများနဲ့မတူတဲ့ငါတို့ဖြစ်တည်မှုကြောင့်
ငါတို့ကိုယ်တိုင် ဝေခွဲမရဖြစ်နေကြရတယ်။အိပ်မက်ဆိုးတွေခနခနမက်တယ် အမေ
ကျွန်တော်ဒီရက်ပိုင်းမပျော်ဘူး . . .
သောက်ဂရုမစိုက်ဘူးဆိုတာ တကယ်က ကျွန်တော်ညာတာ
လူပဲအမေရယ်
ဝိုင်းပြောခံရရင် ရင်ဘတ်ထဲကအောင့်တာပဲ
အချိန်တန်ရင်ပြီးဆုံးသွားမှာပါဆိုပြီးဖြေသိမ့်ရင်း
နှိမ်ခံနေရတာတွေလဲ နားနဲ့မဝင် ရင်နဲ့မဆံ့။မပျော်တော့တဲ့တစ်နေ့
မဟုတ်သေးဘူး ခံနိုင်ရည်မရှိတော့တဲ့နေ့
ကျွန်တော်ရော ကျွန်မရောထွက်သွားတော့မှာ
ခံနိုင်ရည် ကုန်ပြီအမေ
ကျွန်တော်တို့မှားတာလား
ဒီလူ့ဘောင်အဖွဲ့အစည်းကမှားတာလား မသိတဲ့နေရာမှာ
ခံနိုင်ရည်ကုန်ပြီ။